ပျောက်သောလမ်းမှာ
စမ်းတဝါးဝါး လမ်းလျှောက်ရခြင်းအကြောင်း
မားဆိုး
ညီလေးရေ ...
အရောက်လှမ်းဖို့ ခက်နေရော့သလားကွယ်။
မင်းရော ငါပါ ငတ်မွတ်တဲ့ နှင်းမြမြ အရုဏ်ဦးဆိုတာကြီးက
ဆင်းဒဝှစ်ခ်ျတခု၊ ကာဖီရည်တခွက်နဲ့
သာမန်မနက်ခင်းတခုပါပဲကွဲ့။
ညီလေးရေ ...
လူတချို့က
သိုးဆောင်းစကားလုံးတွေကို တညင်းသီးဆားစိမ်လို သဘောထား
ငါးပိရည်ခွက်ထဲမှာ တို့စားကြသတဲ့။
လူတချို့က
ခေတ်နဲ့အညီ ရင်ဘောင်တန်း၊ လက်ရုံးကို ဆန့်လို့
ငါတို့သာ ဤကမ္ဘာအား အလင်းပေး
အမှောင်ခွာပြေးစေတဲ့
အီလစ်(ပရိုမီးသီးယတ်စ်)လို့ ကြွေးကြော်ကြသတဲ့။
ငါတို့တွေကတော့
ငါတို့ မမွေးဖွားခင်ကတည်းက မပိုင်ဆိုင်ခဲ့ရတဲ့
အာတိတ်ရာသီဥတုကို ခံတွင်းချဉ်မိလို့ တံတွေးတပျစ်ပျစ်ထွေး
လမ်းဘေးမှာ အိပ်ကြတယ်။
ငါ့အစ်ကိုတွေကတော့
ရွှေ့ပြောင်းအိပ်မက်တွေနဲ့ အသားကျပြေး
နောက်ဖေးလမ်းကြားမှာ လက်သီးပုန်းပြကြလေရဲ့ကွယ်။
သူ ...
ဘယ်တော့ပြန်လာမှာလဲဟင်
ညီလေးရဲ့မေးခွန်း အစ်ကို့ရင်ကို မချိစေဘူးကွဲ့။
ကိုယ်က မင်းကို
သူလိုငါလို ဂလိုဘယ်ဖန်လည်း မပေးနိုင်ဘူးကွယ်။
လူအလစ်မှာ ပစ်ချလိုက်တဲ့ အမှိုက်တထုပ်လို
မင်းအရှိုက်ကို ထိစေပြီလား။
မနက်ဖြန်ဆိုတာအတွက် လေအဆန်မှာ ပျံသန်းမိလို့
မြားချက်သင့်ခဲ့ရတဲ့ မင်းရဲ့အစ်ကိုပါကွယ်။
ရွှေဘုန်းက ဆုတောင်းပေးဖူးတယ် ...
“ဒေါင်းရုပ်လေးလိုပဲ
မင်းရဲ့အတ္ထုပ္ပတ္တိဟာ အတောင်ပံပါတယ်
တိုက်ပွဲဝင်တယ်
နွယ်လို ပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာ အရပ်ရပ်မှာ မင်း ...
မော်ဖူးရခြင်းများနဲ့ ကင်းဝေးပါစေ” တဲ့ကွယ်။
ညီလေးရေ ...
မင့်နှလုံးသားလေး ဘယ်မှာလဲကွယ်။
ခြသေ့င်္နှစ်ကောင် ဆီးကြိုအပ်သော အမိရင်ရိပ်မှာလား ...
မင်းမနမ်းရှိုက်ဖူးခဲ့တဲ့
ခရေဖူးလေးများ ဝေလေသော မြက်ခင်းစိမ်းစိမ်းတွေ ကြားထဲမှာလား ...
နှုတ်ခမ်းကို သန္တာရောင်ခြယ်သလေသော လုံခြည်တိုမလေးများဆီမှာလား ...
ဒါမှမဟုတ် တံတားနီပေါ်မှာ ခြေသံတဖျပ်ဖျပ်ပေး
အတိတ်ကနေ ထွက်ပြေးနေရော့သလား ...
မင်းအမေက မေးလို့ ကိုယ့်အမေက ဖြေရတဲ့အခါ
သူတို့မျက်နှာ ဘယ်သို့ရှိပ။
ကဲ ... ကိုယ့်ဆီလာ၊ ပြန်ကြမယ်ကွယ်။
ကိုယ့်လက်ကိုတွဲ ဖေးမ
မင်းပုဆိုးနွမ်းလေး ဖုန်သုတ်ပါဦး
မင်းနဲ့ ကိုယ့်ရဲ့စာသင်ခုံလေး
အလင်းတမှုန်တောင် မှန်မှန်ရှူနိုင်ပါ့မလား။
ညီလေးရေ ...
ပြန်ကြမယ်ကွယ်။
ဒါပေမယ့် ... ညီလေးရေ ...
မနက်ဖြန်မှာ ရေ၊ မီးစုံဖို့တော့ ကိုယ်အာမမခံနိုင်ဘူးကွယ်။
ကိုရီးယားရုပ်ရှင်ကို ဘာသာပြန်၊ အလွမ်းရွာမှာနေပြီး
ချိုပေါ့ကျတခွက် မင်းကို တိုက်ပါ့မယ်။
အီလစ်တွေနဲ့ စကားစီးချင်းထိုး
မင်းဆိုးသမျှကို လည်စင်းခံပါ့မယ်။
လေလာရာ ဖင်ပေးပြီး မင်းဥသမျှ လေဥတွေအတွက်
အမှန်တရားကို ခေါင်းပေါ်ရွက်လို့
စကားလုံးဈေးသည်ကြီးလုပ်ပါ့မယ်။
ညဘက် ... ညဘက် မင်းအိပ်တဲ့အခါ
တထောင့်တညသော
လမ်းပြမြေပုံတွေနဲ့ ချော့သိပ်လို့
အံကြိတ်ငိုပါ့မယ်။
ညီလေး ...
ပီလွန်ကို ခေါ်ခဲ့
ကိုယ်ခိုးထားတဲ့ “ကြက်တကောင်နဲ့ ဝိုင်တပိုင့်”
မင်းတို့ တနပ်စာရစေ့မယ်။
မင်း တခါမှ အရိပ်အယောင်မမြင်ဖူးလေသော
ငွေတဆယ့်နှစ်ကျပ် မင်းကို ပေးမယ်
မြို့ရိုးကြားမှာ မူနေရှာတဲ့
အသပြာ လေးရွေး
မင်းမလိုချင်လည်း ပေးမယ်။
ကိုယ်ပေးမယ်
ညီလေးရယ် ...။
ကိုယ့်ကို အဲဒီလို မကြည့်လိုက်ပါနဲ့ ညီလေးရယ်။
မင်းရဲ့အစ်ကိုက လက်ညှိုးတချောင်းနဲ့ လုပ်စားနေတဲ့
လမ်းလျှောက်ပွဲစားပါကွဲ့။
မင်းလိုချင်တာ ကိုယ့်ကိုပြော
ဒီ ... ကြက်ဆူတောမှာ ရှိသမျှအနှစ်
မင်းအတွက် ဖြစ်စေရမယ်။
(... ... ... ... ... ... ... ... ... ... ... ... ... ...
... ... ... ... ... ... ... ... ... ... ... ... ... ... ...)
အင်း ... အင်း ...
ဟုတ်ပါပြီကွယ်။
ခုလိုဆိုတော့လည်း မင်းလေးက အဆိပ်တော့ပြင်းသား
ညီလေးကို မရိရပါဘူးကွယ်။
လေတချက်တိုးတိုင်း
မင်းလေး ဖုန်ထလေမလားလို့
စိုးရိမ်စိတ်နဲ့ ခနဲ့တာပါ။
ညီလေးဆီမှာ မခင်ဦး မရှိဘူး။
ကိုယ့်အနားမှာလည်း မခင်ဦး မရှိပါဘူး။
ကိုယ်တို့တွေ ... (ကိုယ်တို့တွေ)
မခင်ဦးမှမရလည်း ဘာအရေးလဲကွာ။
တောင်ပြန်လေ၊ မြောက်ပြန်လေ စောင့်နေမှာထက်
ကိုယ့်လှေကို ကိုယ်စီလက်ထိုးလှော်
‘ဒီ’ မိုး၊ ညှိုးပစေပေါ့။
လာ ....
အခုလက်ချင်းချိတ်စမ်း
အတိတ်က ရွှေထီးကို မဆောင်းလေနဲ့
နိဗ္ဗာန်ဆိုတာ တောင်းဆုခြွေရုံနဲ့မရဘူး။
လွယ်အိတ်ကို ထုံး
ပုဆိုးတိုတို ပြင်ဝတ်
ကျောင်းတံခါးကြီးအလှစ်မှာ
ကျောင်းထဲပြန်ဝင်ကြစို့ရဲ့။ ။
(ရွှေဘုန်းလူရဲ့ ကဗျာဟောင်းလေးတပုဒ် ပြန်ဖတ်မိတဲ့အခိုက်
ကျနော့်ရင်ဘတ်ထဲက လွတ်ကျကုန်တဲ့
ဆက်စပ်မဲ့ စားကြွင်းစားကျန် အမှိုက်တွေပါ)

အမေ့ရဲ့မေတ္တာစေတနာအလှ
အညစ်အဟောင်းအပြောင်ကလော်ဖို့
နှစ်ပေါင်းတစ်ထောင်ကျော်တဲ့
မဟော်..မန်ကျည်းကိုးခွပင်အောက်မှာ
အကြောက်တရားကင်း
မှောက်မှားခြင်းရှင်းတဲ့မျက်နှာ
ထောက်ထားခြင်းဝင်းနေတဲ့မေတ္တာစေတနာတွေနဲ့
တင့်တယ်စွာရပ်တည်နေတဲ့
အမေ့ရဲ့ပုံ…။
လူ့ဘုံလောက
အလှပတွေ ဘယ်လိုမှုန်းမှုန်း
အပြုံးမပျက် အမုန်းမဖက်တာ
အမေရဲ့ မေတ္တာစေတနာတွေပါ…။
အမေရဲ့မေတ္တာပန်း
ဘယ်သောဘယ်အခါမှ မနွမ်း…။
အမေရဲ့စေတနာ
ဘယ်သောဘယ်အခါမှ နေမ၀င်ပါ…။
အမေရဲ့ မေတ္တာ စေတနာတွေဟာ
သားသမီးဆိုတဲ့ ပထ၀ီမြေမှာ
အမြဲတစေ ပွင့်လန်း
တင့်ဆန်းနေမှာပါ…။
(အမေများနေ့..အားလုံးသောအမေ
ပျော်ရွှင်ချမ်းမြေ့ပါစေ)
တက္ကသိုလ်ဘုန်းကြွယ်(မေ
၁၀ ၂၀၁၂)
ခေတ်ကိုထင်ဟပ် ရင်ဘတ်ကိုထိစေသော
ကဗျာပါ...............
" ညီမလေးရေ '
-----------------
Sorry ပဲ ညီမလေး ...
ကိုယ် ဘာမှမတတ်နိုင်ဘူး။
မင်းအမေ နေမကောင်းတာ
မင်းမောင်လေး ညီမလေးတွေ ကျောင်းစားရိတ်လိုနေတာ
မင်းကိုယ်တိုင်အတွက် ရောင်းပန်းလှဖို့ ၊ ဈေးကွက်ဝင်ဖို့
ပါတိတ် ၊ သရီးစတက် ၊ မီနီစကပ် ၊ နှုတ်ခမ်းနီ ပါးနီ ၊ အော်ဒီကလုံး
ကိုယ်မတတ်နိုင်ဘူးကွဲ့
မင်းတို့က မပဋာဆိုရင် ကိုယ်လည်းပဲ မောင်ဒါသပါကွယ်။
Sorry ပဲ ညီမလေးရေ ...
မင်းရဲ့ ဘုရားပေး လယ်တပွဲ
နှမ်းပဲစိုက်စိုက် ၊ ဘူးပဲပျိုးပျိုး
နွေစပါး ၊ မိုးစပါးနဲ့ သီးထပ်သီးညှပ်
မပြတ်တမ်းစိုက်လည်း
ကိုယ့်မှာ ဓာတ်မြေသြဇာဖိုးမရှိ
ဟိုကောင်တွေဆီမှာတော့ အာသာငမ်းငမ်း
အကြည့်တွေ ရှိချင်ရှိလိမ့်မယ်
ဒါကိုတော့ မင်းလည်းသိတယ် ၊ ကိုယ်လည်းအသိပဲ။
Sorry ပဲ ညီမလေးရေ ...
မင်းဟာ နှုတ်မစောင့်သော လိပ်မလေး ဆိုပါတော့
ယုတ်မာရိုင်းစိုင်းတဲ့ နွားကျောင်းသားတချို့
မင်းအတွက် မီးဖိုနေကြပြီ
အားပျော့ပျော့ မင်းလက်ကလေးတွေ
နွမ်းဖတ်ဖျော့တော့ မင်းနှုတ်ခမ်းလေးတွေ
ချွေးစီးကြောင်းလေးနဲ့ အနားသတ်ထားရှာတဲ့
မင်းရဲ့ ပါးကွက်ပါးလေး
အဲဒါလေးကလည်း သစ္စာတစ်ပါးပဲပေါ့
မင်းလိုအပ်နေတဲ့ ထမင်းတစ်နပ်အတွက်
မဲမှောင်နေတဲ့ မင်းရဲ့ မနက်ဖြန်လေးတွေကို
ဈေးကွက်တင်ချေဦး ညီမလေး။
မင်းအပြုံးလေးတွေကို သူတို့မှတ်တမ်းတင်လိမ့်မယ်
တစ်ခဏတာအတွက် အသပြာရှိပေမယ့်
အရှက်သိက္ခာ တစ်ရွေးသားမျှမရှိရှာတဲ့ လူ့ငနွားတွေ
ရေနစ်နေတဲ့ ကောက်ရိုးလေး မင်းကို
နိုကီရာ ၊ ဆိုနီအဲရစ်ဆင် ၊ ပင်နာဆိုးနစ်တို့နဲ့
ဝါးကူထိုးလိမ့်မယ် စိတ်ချ။
ဒီကောင်တွေမှာ ဘုရားရှိချင်ရှိမယ်
တရားတော့ ရှိမှာမဟုတ်ဖူး ၊
ဒီကောင်တွေမှာ ကားရှိရင်ရှိမယ်
မေတ္တာထားဖို့ တွေးခေါ်တတ်မယ်မထင်ဖူး ၊
ဒီကောင်တွေဟာ နွားတွေ။
ဟုတ်တယ် နွားတွေကွဲ့
မင်းသိချင်မှ သိမယ်။
ဟိုစာမျက်နှာမှာ၊ ဒီစာမျက်နှာမှာ
(ဟေ့ ... ဟေး.... ဟောဒီမှာ မြန်မာဟေ့ ...)
အဲဒီလို မစားရ ဝခမန်း ကြွေးကြော်
လျှပ်ပေါ်လော်လီခဲ့တဲ့ သူတို့စာရိတ္ထတွေကို ထုတ်ကြွားကြတယ်။
Sorry ပဲ ညီမလေး ...
ကိုယ်လည်း ရင်နာရပါတယ်
မင်းတို့ဘဝလေးတွေအတွက်ရော
သူများဆီမှာ ကျွန်ခံ
ကိုယ့်အိမ်တောင် ကိုယ်မပြန်နိုင်သေးတဲ့ ကိုယ့်ဘဝအတွက်ရောပေါ့။
အရင်အချိန်တွေတုန်းက ကိုယ်တို့ပြောခဲ့တယ် (တစ်ဖက်နိုင်ငံတွေကိုပေါ့)
( ... ) နိုင်ငံ ဆိုပြီးတော့လေ ...။
ခုများ ကြည့်စမ်း ... မင်းတို့လေးတွေလေ ...
မဲဆောက်မှာ ၊ မယ်ဆိုင်မှာ ၊ ဘီကေကေမှာ ၊ ကြယ်ဂေါင်ရွှေလီမှာ
သတင်းတွေမှာ ဖတ်ရ၊ သတင်းတွေမှာ ကြားရတော့
အပိုမပြောဘူး ညီမလေးတို့
ကိုယ် မျက်ရည်ဝဲတယ်။
ကိုယ့်ပြည်ကိုယ့်ရွာက ကိုကိုတွေကတောင်
မင်းတို့ကို ဘိုင်စကုပ်ထဲ ထည့်သေးတာပဲ ...
အင်း ... ... ...
ဖဦးထုပ်တွေ ၊ နငယ်တွေ ၊ ဘကုန်းတွေ
ကိုယ့်ကို ဝိုင်းပြောကြ
အချင်းချင်း လက်တို့ကြ
ဟေ့ ... အဲဒါ ဘီရုမာ ဟေ့ ...။ ဘီရုမာ ချယ်နယ်ဟေ့ ...။
တောက်! ဘယ်လောက် အသည်းနာဖို့ကောင်းလဲ
မိုးကျရွှေကိုယ် ၊ တိုလီမိုလီ ၊ အချစ်ဇာတ်လမ်း ၊ ပေါသွပ် ၊
ဒီကောင်တွေကို ဘယ်သူတွေက လင်ခ့်ပေးလိုက်တာလဲ
မင်းတို့အထင်ကြီးတဲ့ ရွှေကိုကိုတွေပေါ့။
(ဟေ့ ... ဘီရုမာ ဘယ်ဈေးလဲ) အဲဒီလိုများ အမေးခံရရင်လေ
အသားတဆတ်ဆတ်တုန် ဒေါသပုန်ထရတယ်
လူသတ်ချင်လာတယ်။
မင်း အထင်ကြီးတဲ့ ကိုကိုတွေလည်း
ဗမာကားဟေ့ ... ဆိုတာနဲ့
လျှာတစ်သပ်သပ် ၊ ပါးစပ်တစ်ပြင်ပြင်
သွားရည် ငေါက်တောက်ကျ
ဘာကိုမှ မလုပ်ချင် မကိုင်ချင်
ဖန်သားပြင်ရှေ့ အခန့်သားထိုင်
ဇာတိပုညဂုဏ်မာနဟေ့ ... ဆိုပြီး
ဝံသာနုရက္ခိတတရား လက်ကိုင်ထားချင်ကြတယ်။
မင်းတို့လေးတွေကို
နှုတ်ခမ်းတစ်လန် ပန်းတစ်လန် လက်ညှိုးငေါက်ငေါက်ထိုး
အပြစ်ပြောတဲ့ မောင်မောင်တွေ
သူတို့ကရော ဘယ်လောက်များ သန့်စင်ကြလို့တုန်း
ဟေ့ ဒီမှာ ... ကိုယ်ပြောမယ် ညီမလေး
ဈေးကွက်ဝယ်လိုအားကြောင့် ရောင်းကုန်ဆိုတာ ရှိနေတာ
သူတို့တွေ တောင်းဆိုနေတာ
သူတို့တွေ လောကအလှကို ဖျက်ဆီးနေတာ
မင်းတစ်ယောက်ထဲကြောင့်တော့ မဟုတ်ဘူး
မင်းကို အင်တာနက်ပေါ်ပို့လိမ့်မယ်
သူတို့မို့ အရှက်မရှိ (ဘယ်ရှိပါ့မလဲ)
သူတို့မျက်နှာလေးများကျတော့ ပေါ်မှာကြောက်တတ်လိုက်တာ
ဟိုတယ်တွေမှာ ကလပ်တွေမှာ နောက်ဆုံး ဖိုရမ်စာမျက်နှာတွေပေါ်မှာ
ခပ်ကြွားကြွား ပြောကြလိမ့်မယ်။
Sorry ပဲ ညီမလေးရေ ...
မင်းရဲ့ လက်ကလေးတွေကို ပုခက်မလွှဲခင်
မာဆတ်က ကိုယ်ရွှေကိုယ်မျိုးတွေကို ပျော်တော်ဆက်ချေဦး
သတိတော့ထားကွဲ့
ဒီခေတ်က နည်းပညာခေတ်ကြီး
ကင်မရာတွေ အနီးအဝေး
ဈေးကြီးပေး ဝယ်ကိုင်လို့ရပြီ။
Sorry ပဲ ညီမလေးရေ ...
ရွှေအိုရောင်ညနေခင်းတွေမှာ မင်းဘဝကို ရောင်းဈေးတင်ပေါ့
မင်းကြောက်တဲ့ မနက်ဖြန်အတွက်
ဟိုတယ်တစ်ခုခုမှာ ကျွဲရိုင်းအချိုရည်
တစ်ခါသုံးဆပ်ပြာ ၊ ငွေခြည်ရောင် ရေခဲသေတ္တာ
ညလယ်စာ မှာစားရင်း ဖြတ်ကျော်ဦးပေါ့။
အထည်ချုပ်တွေ ပိတ်တာ ...
ကုန်ဈေးနှုန်းကြီးတာ ...
ငွေနှစ်သောင်းအတွက် တိုက်ပွဲဝင်တာ ...
အရပ်ထဲမယ် ကိုယ်လေး ခေါင်းလေးတောင် လွတ်လွတ်ကျွတ်ကျွတ် မလှုပ်ဝံ့တာ ...
အားလုံးဟာ စက်ဝိုင်းတခုပါပဲကွယ်
မင်းအပြစ်တွေချည်းပဲ မဟုတ်ပါဘူး ညီမလေးရယ်။
မင်းတို့လည်း မင်းတို့ နိုင်တဲ့ဝန် ထမ်းနေရတာ
အချိန်တန်ရင်တော့ သိုးမည်းအုပ်ကြီးထဲက ပြန်ထွက်ခဲ့ပါ ညီမလေးတို့ရယ်။
မင်းတို့ ကိုယ်စီ ဒုလ္လဘတစ်ခုစီရှိတယ်
မင်းတို့ဟာ ငှက်ကလေးတွေပေမယ့် မင်းတို့မှာ ဝမ်းရေးရှိတယ်
မင်းတို့မှာ အနာဂတ်ကိုယ်စီရှိတယ်
မင်းတို့မှာ ဘဝသစ်တွေ ရှိနေမယ်
နောက်ပြီးတော့ မင်းတို့ဟာ ...
မင်းတို့ဟာ မြန်မာမလေးတွေဖြစ်တယ်။
Sorry ပါ ညီမလေးရယ် ...
ကိုယ်ဘာမှ မတတ်နိုင်ဘူး
မင်းတို့ခရီးမှာ ထီးမိုးမပေးနိုင်ဘူး
လှော်တက်တစ်ချောင်းနဲ့ ဝင်မကူပေးနိုင်ဘူး
ကိုယ်တတ်နိုင်တာ တခုပဲ
တခုထဲပါပဲ ညီမလေးတို့ရယ် ...။
မင်းတို့လေးတွေ မော်တော်ကားလေးပေါ်ပါသွားတဲ့အခိုက်
ကိုယ့်မျက်နှာ မင်းတို့မမြင်အောင် ငုံ့
ကိုယ့်နှုတ်ခမ်းကို နာနာဖိကိုက်
ဘယ်သူမှ မကြားအောင် ဆုတောင်းပေးခဲ့ဖူးပါတယ်။
Sorry ပါ ညီမလေးတို့ရေ .............................................................
Posted by Oakkar Nyo Htay.
By မားဆိုး
" မြန်မာလူမျိုးမှန်လျှင် မြန်မာအမျိုးသမီးများကို တန်ဖိုးထားကြပါ။ မြန်မာအမျိုးသမီများသည်လည်း မိမိတန်ဖိုးကို ထိန်းသိမ်းကြပါ။ "
၉ - ၄- ၂၀၁၂။

" ပန်းကြိုက်တဲ့
မေ "
ထုံးနှောင့်ဖွဲ့ ကေသာခွေ
စံပယ်တွေ နှစ်သွယ်ချ။
အတိတ်တဘောင်နဲ့
နိမိတ်ဆောင် အခေါင်မြန်းမယ့်
အောင်ပန်းအလှ။
ပါးမို့မို့ ဘယ်နဲ့ညာ
မှုံနံသာ ခြယ်ကာသ။
သနပ်ခါး
ကွက်ကြားထူထူနဲ့
အမူချို ပြုံးယောင်သန်းတယ်
ပန်းနဲ့ အပြိုင်လှ။
စိတ်ထားက ဖြူဖြူ
သူမတူ ဓလေ့ထုံး။
အဆင်အသွေးရယ်က
ယဉ်ကျေးပုံစရိုက်ချောမို့
ပြောလို့မဆုံး။
အင်္ကျီဆို ရွှေရင်ဖုံးနဲ့
အလှဆုံး သူဇာဆွေ။
ချိတ်ထဘီ သူဆင်မြန်း
ပန်းကြိုက်တဲ့ မေ။
မေ့သမီးပီပါစေ
စံပယ်ဝေ ဝေဆာကဲ။
ဖေ့သမီး ပီပါစေ
သတ္တိဝေ ဝေဆာမြဲ။
အဖိုးတန်ပါတဲ့
မျိုးမြန်မာ ဓလေ့ထုံးတွေနဲ့
နှလုံးကြည် ဘ၀င်မနွမ်းရအောင်
အပြုံးသီ အစဉ်လန်းဖို့
ပန်းပန်လျက်ပဲ ။
(မြေလတ်မောင်မြင့်သူ)
အမေစုကို ဂုဏ်ပြုသောအားဖြင့် ......
The Ladies ဂျာနယ် ၊ အတွဲ ၁ ၊ အမှတ် ၈
.
ထုံးနှောင့်ဖွဲ့ ကေသာခွေ
စံပယ်တွေ နှစ်သွယ်ချ။
အတိတ်တဘောင်နဲ့
နိမိတ်ဆောင် အခေါင်မြန်းမယ့်
အောင်ပန်းအလှ။
ပါးမို့မို့ ဘယ်နဲ့ညာ
မှုံနံသာ ခြယ်ကာသ။
သနပ်ခါး
ကွက်ကြားထူထူနဲ့
အမူချို ပြုံးယောင်သန်းတယ်
ပန်းနဲ့ အပြိုင်လှ။
စိတ်ထားက ဖြူဖြူ
သူမတူ ဓလေ့ထုံး။
အဆင်အသွေးရယ်က
ယဉ်ကျေးပုံစရိုက်ချောမို့
ပြောလို့မဆုံး။
အင်္ကျီဆို ရွှေရင်ဖုံးနဲ့
အလှဆုံး သူဇာဆွေ။
ချိတ်ထဘီ သူဆင်မြန်း
ပန်းကြိုက်တဲ့ မေ။
မေ့သမီးပီပါစေ
စံပယ်ဝေ ဝေဆာကဲ။
ဖေ့သမီး ပီပါစေ
သတ္တိဝေ ဝေဆာမြဲ။
အဖိုးတန်ပါတဲ့
မျိုးမြန်မာ ဓလေ့ထုံးတွေနဲ့
နှလုံးကြည် ဘ၀င်မနွမ်းရအောင်
အပြုံးသီ အစဉ်လန်းဖို့
ပန်းပန်လျက်ပဲ ။
(မြေလတ်မောင်မြင့်သူ)
အမေစုကို ဂုဏ်ပြုသောအားဖြင့် ......
The Ladies ဂျာနယ် ၊ အတွဲ ၁ ၊ အမှတ် ၈
.
ဂျေရုဆလင်မှာ
သံလွင်ခက်တွေ အိပ်ပျော်နေတုန်းရိုင်ယန်ရို့စ်က ကြို့တချက်ထိုးတယ်။
(မီးတောက်တွေနမ်းဖို့ အသင့်ဖြစ်နေတဲ့
သေတွင်းမှာသားရဲမိစ္ဆာများ မြူးထူးခုန်ပေါက်လော့ ...အချင်းတို့ ...
တပ်ထောင်တာဗိုလ်ထုငတ်မွတ်သူတို့၏ သားတစ်များ ငါ့အား ဆောင်နှင်းလော့ ...)
နတ္ထိဘဝပဲပိုင်တဲ့ ငါ
...ဇီယွန်တံခါးဝက မင်း ...မြှားအိမ်လွယ်လာသော သင် ...ဟုတ်ယောင်ထင်မှုများနဲ့
ခင်ဗျား ...ငွေနားကွပ်ခေါင်းတလားထဲမှ ကျွန်ုပ် ...တုပ်တုပ်မျှမလှုပ်ဝံ့ရှာသည့်
သူတို့
........................................................နာမ်စားအားလုံးကျည်ကွယ်
မျက်ကွယ် ရှောင်ကြတိမ်းကြ။
ခင်ဗျားမှတ်မိလားဟိုး
... လွန်လေပြီးသော ၉၅ နှစ်တုန်းကအညာမီးတောက်လေးတပွင့်လရောင်လှုံပြီး ပွင့်ခဲ့တယ်။
ခေတ်ရိုင်းမှာ
လူရိုင်းလို့ သူ့ကို သမုတ်ကြရဲ့အရပ်ပုပြတ်ပြတ် လူပုံက ဘုဆတ်ဆတ်နားရွက်ကားကားနဲ့
တရားအများကြီးမဟောဘူးဒါပေမယ့် ...လားရာလမ်းတွေ အားလုံး သူ့ဆီမှာ ဆုံးတယ်။
ဘယ်တော့မှ
နေမဝင်ဘူးဆိုတဲ့ရာဇမာန်ရူး၊ ပလ္လင်ရူးတွေအတွက်အရှုံးရဲ့အရသာကို မြည်းစမ်းစေခဲ့တဲ့သူ။
လွိုင်လင်ရဲ့ဟိုဘက်
မြို့သေးသေးလေးကအဖြူရောင်ကျောက်တိုင်ထက်ငါတို့မနက်သစ်တွေ ထွင်းထုအလင်းခေတ်ကို
ဆောင်ကြဉ်းပေးခဲ့တဲ့သူ။
ခင်ဗျားမှတ်မိပြီလားယူနီယံဂျက်နဲ့
နေဝန်းနီ ဆိုတာတွေကိုငါတို့အိမ်ပေါ်က မောင်းချခဲ့တာအဲဒီလူပေါ့။
ဒါပေမယ့်ဇောက်ထိုးပြောင်းပြန်ဟပ်တဲ့
လူ့ငနွားတွေကြောင့်ငါတို့မနက်တွေ အရောင်စုံ အသွေးစုံနဲ့လူမွှေးလူတောင်
မပြောင်နိုင်ခဲ့ဘူး။
လမ်းတွေပေါ်မှာ
...တံတားတွေပေါ်မှာ ...စာသင်ခန်းနံရံတွေပေါ်မှာ ...တချို့ကတော့ နရသိန်မှာ ...အကို၊
အမ၊ ညီ၊ ညီမ၊ အမေ၊ အဖေ ၊ ဦးကြီး၊ အဒေါ်မိတ်ဆွေ၊ ရောင်းရင်း၊
သူငယ်ချင်း၊နမ်စားပေါင်းများစွာ အနှုတ်လက္ခဏာဆောင်ခဲ့ကြဖူးတယ်။
ဆင်စွယ်အတွက်ဆင်တကောင်လုံးသတ်ရဲတဲ့
မဟာပညာကျော်များ(abstraction) လို့ တွင်တွင်ပြောနေဆဲရိုကျိုးဆည်းကပ်မှုမှ
မွဲပြာကျမှုဆီ ဦးတည်နေဆဲ။
ဆက်ပြောမယ် ...ဒါ
လိုအပ်မှုအကျိုးဆက်တရားမဟုတ်ဒါ မတော်တဆဖြစ်မှုတရားမဟုတ်ဒါ
တိုက်ဆိုင်မှုသက်သက်တရားလည်းမဟုတ်။
လူ့အခွင့်အရေးကို
ချဉ်ခြင်းတပ်တဲ့ ဖုတ်သွင်းရထားတွေပြင်းပြင်းပြပြလေပြိုလိုက်တဲ့ငတ်မွတ်ခြင်းတရား။
ဆယ်စုနှစ်ခြောက်ခုကျော်လာခဲ့ပေမယ့်သူတို့
ဆေးရောင်ခြယ်လို့ကောင်းတုန်းရမ္မက်၊ အတ္တ ပိုင်းလုံးတွေအရှုံးရော အနိုင်ပါ
ပိုင်းလို့ကောင်းတုန်းရွှေအနားကွပ် ပြိုးပြက်လင်းလက်ဒွါရတန်ဆာဆင်မြန်းနေတုန်းဒီလို
... ဒီလို ...ပက်ပက်စက်စက် လူမဆန်ကြပုံများ။
အနည်ထိုင်သွားပြန်ရင်လည်းအင်ဗာတာတလုံးအရင်းပြုလို့ငါတို့
... ဘီပီအိုင်ဆေးခါးတွေ ဆက်မြိုကြပြန်ရောပေါ့။
သြော် ... လှထုံရေ လောကကြီးဟာလေ‘လော’
... ‘လော’ ပြီး ‘က’ နေတော့တာပါပဲဟာ။
အချိန်တန်တော့ဝေဘူလတောင်ထိပ်ကမေရီအင်တွိုင်းနက်ပေါင်မုန့်တလုံးVampire
တွေလက်ထဲ ရောက်နေဆဲ။ ။
မားဆိုး( ၉-၂-၂၀၁၀ )
( အမှောင်ရိပ်ခိုပြီး
နေရာတထောင့်က လှောင်ပြုံးကြည့်မောနေမည့် အဖေသို့ ...)
0 comments:
Post a Comment