Breaking News
Loading...
Monday, December 15, 2014

Info Post
http://chanmyae.blogspot.com
Zawzaw Zaw shared U Ravika's photo.
4 hrs · 
မင်းအောင်လှိုင်က ဘာကြောင့် လွယ်လွယ်နဲ့ အပစ်မရပ်သလဲ
ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (မြောက်ပိုင်းဒေသ)နဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲ ပြင်းထန်လာတာကို ကြည့်ပြီး ၂၀၁၅-ခုနှစ်မှာတောင် အပစ်ရပ်က ဖြစ်မှ ဖြစ်နိုင်ပါ့မလားလို့ စိုးရိမ်စရာ ဖြစ်တယ်။ ဗိုလ်မှူးကြီးခွန်ဥက္ကာကတော့ သိန်းစိန်အစိုးရလက်ထက်မှာ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစပျိုးထားချင်တယ်လို့ ဆိုပါတယ်။ NLD ကလည်း ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအစည်းအဝေးမှာ ဖွဲ့စည်းပုံပြင်ရေး၊ ပြည်တွင်းငြိမ်းချမ်းမှု ရရှိရေး၊ တရားဥပဒေစိုးမိုးရေးဆိုတဲ့ ကြားဖြတ်ရွေးကောက်ပွဲတုန်းက မူဝါဒများနဲ့ပဲ ၂၀၁၅-ခုနှစ်အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်မယ်လို့ ကျေညာခဲ့ပါတယ်။
တပ်မတော်နဲ့ အစိုးရတို့ရဲ့ မရိုးသားမှုကြောင့် ဖွဲ့စည်းပုံပြင်ရေးမှာ အခက်အခဲတွေ့နေရတဲ့ NLD ပါတီဟာ လွှတ်တော်မှာ အသာစီးရရေးအတွက် လုံးပမ်းတော့မှာ ဖြစ်တယ်။ အထူးသဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ အနှေးနဲ့အမြန် ဖြစ်လာမှာပါ။ ဂုဏ်သိက္ခာရှိရှိ၊ သတ္တိရှိရှိနဲ့ အခုကတည်းက ပြင်မလား၊ ဖိအားတွေ အပေးခံရလို့ ချောင်ပိတ်မိမှ ပြင်မလား ဒီ(၂)ခုပဲ ရှိတယ်။ အပစ်ရပ်ပြီးသားဆိုရင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ ပိုမိုအားကောင်းနေမှာ စိုးလို့ မင်းအောင်လှိုင်က ဂ-ငယ်ကွေ့ ပြန်ကွေ့လိုက်ခြင်းဖြစ်တယ်။ သူ အကြောင်းပြတဲ့ ဖက်ဒရယ်တပ်မတော်က အပစ်ရပ်မဆွေးနွေးခင် ၂၀၁၁ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ပြီသားပါ။ ဖက်ဒရယ်တပ်မတော်က တိုင်းရင်းသားတို့ရဲ့ အမျိုးသားနိုင်ငံရေးမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်မယ်လို့ ဖွဲ့စည်းပုံ မရှိပါဘူး။ UNFC ရဲ့ နိုင်ငံရေးဦးဆောင်မှုကိုပဲ ခံယူမယ်ဆိုလို့ ငြိမ်းချမ်းရေးအတွက် ခြိမ်းခြောက်နေတယ်လို့ မြန်မာစစ်တပ်မီဒီယာတို့က ဝါဒဖြန့်နေခြင်းမှာ ယုံစရာမရှိပါ။
ဘယ်သူက အပစ်မရပ်ချင်သေးသလဲဆိုတာ သိချင်ရင် NCCT နဲ့ UPWC တို့ရဲ့ နောက်ဆုံးအပစ်ရပ်ဆွေးနွေးပွဲမှာ စစ်တပ်က ဘာပြောခဲ့လဲ အစကောက်ကြည့်ရင် သိသာပါတယ်။ အဲ့ဒီဆွေးနွေးပွဲ မတိုင်ခင် မင်းအောင်လှိုင်ရဲ့လှုပ်ရှားမှုများနဲ့ မြန်မာစစ်တပ်ရဲ့ လှုပ်ရှားမှုများဟာ သံသယဝင်စရာတွေအတိပါပဲ။ စကားကျွံထားတဲ့ တပ်ကိုယ်စားလှယ်ကို အလဲအလှယ်လုပ်ပြီး ဆွေးနွေးပွဲတက်လာခြင်း၊ နှစ်ဖက်သဘောတူပြီးသား အနက်ရောင်အချက်များကို အနီရောင် ပြန်တားခြင်း၊ အပြာရောင် ပြန်တားချင်များ ရှိခဲ့ရာ စစ်တပ်က လောလောဆယ် အပစ်ကို မရပ်ချင်သေးကြောင်း ခန့်မှန်းလို့ ရပါတယ်။ အပစ်မရပ်ချင်တဲ့ အကြောင်းမှာ (၂)ခု ရှိပါတယ်။
(၁) သြဂုတ်လမှာ ဆွေးနွေးပွဲအခြေအနေကောင်းခဲ့လို နိုင်ငံရေးဆွေးနွေးပွဲတစ်ခု မကြာခင် လာတော့မှာမို့ အဆင်သင့်ဖြစ်အောင် နိုင်ငံရေးပါတီတွေက ကြိုးစားကြတယ်၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ရင်းရင်းနှီးနှီး ဖြစ်လာကြတတယ်။ ဒါကို မင်းအောင်လှိုင်နဲ့ ဦးသိန်းစိန်တို့ မပြောနဲ့။ ဦးအောင်မင်းနဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေတောင် မျက်နှာပျက်ချင်ကြတယ်။ မင်းအောင်လှိုင်နဲ့ ဦးသိန်းစိန်တို့က နိုင်ငံရေးဆွေးနွေးပွဲအတွက် အဆင်သင့် ဖြစ်ကြပုံမပေါ်သေးပါ။ ပြည်ခိုင်ဖြိးပါတီအတွက် အသာစီးရနိုင်မဲ့ Political platform တစ်ခု မရှိသေးကြောင်း ရိပ်မိကုန်လို့ NLD နဲ့ အခြားပါတီများကို ဖိတ်ခေါ်ပြီး (၁၆)ပွင့်ဆိုင်ပွဲ ဖြစ်ခဲ့တယ်။ တိုင်းရင်းသားတော်လှန်ရေးသမားတွေကို NLD နဲ့ မပတ်သက်ဖို့ တားမရတဲ့အဆုံး သူတို့က NLD နဲ့ အခြားနိုင်ငံရေးပါတီများနဲ့ တစ်ချက်ခုတ်သုံးချက်ပြတ် ကစားပြခြင်းဖြစ်တယ်။ တိုင်းရင်းသားတွေကို သွေးတိုးစမ်းဖို့အတွက်ရယ်၊ NLD ကို မလိမ့်တပတ်လုပ်ဖို့ရယ်၊ လောလောဆယ် ဖြစ်ပေါ်နေတဲ့ ဖိအားတွေ လျှော့သွားဖို့ရယ်ပါ။
(၂) နောက်တစ်ခုက မင်းအောင်လှိုင်နဲ့ လုံးလုံးသက်ဆိုင်ပါတယ်။ သိန်းစိန်တို့က အပစ်ရပ်တာကို အခွင့်ကောင်းယူပြီး နိုင်ငံတကာထောက်ခံမှုကို တည်ဆောက်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုကို ရအောင် လုပ်ချင်ပါတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်က တပ်ရဲ့ အရင်က သဘောထားအတိုင်း နိုင်ငံရေးအဖြေတစ်ခု ရတာပဲဖြစ်ဖြစ်၊ မရတာပဲဖြစ်ဖြစ် လက်နက်ချစေမဲ့လမ်းစဉ်ကို ခင်းထားချင်တယ်။ ဒါကြောင့် တပ်မတော်မူ(၆)ချက်ကို ရှေ့တန်းတင်ပြီး ဆွေးနွေးလာတယ်။ (က) တပ်နေရာချထားရေး (ခ) နိုင်ငံရေးဆွေးနွေးပွဲများအတွက် မူဘောင်ချမှတ်ရေး (၈) အဖွဲ့အစည်းများ ရပ်တည်ရေးနဲ့ ပတ်သက်ပြီး ပူးတွဲကော်မတီ ဖွဲ့စည်းဖို့ UPWC ဘက်က လက်မခံတော့ပါ။ အခန်း (၅) အပိုဒ် (၂၁) (က)ကို ငြင်းဆိုလိုခြင်းအားဖြင့် အပစ်ရပ်ပြီးအခြေအနေကို ဘယ်သူကမှ ခန့်မှန်းလို့ မရတော့သလို လာမဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုတာဟာလည်းပဲ အမျိုးသားညီလာခံတုန်းကလို အစိုးရကိုယ်စားလှယ်၊ တပ်ကိုယ်စားလှယ်တွေ စာတမ်းလာဖတ်ပြတာကိုပဲ နားထောင်ကြရတော့မဲ့အခြေအနေပါ။ စာတမ်းဖတ်ပွဲ ပြီးခဲ့ရင် ဒါလေးကို ယူ၊ လက်နက်ချ၊ နိုင်ငံရေးပါတီထောင် ဒီလိုဖိအားပေးလာမှာ မုချပါပဲ။ အရင်တုန်းကလည်း ဒီလိုပဲ ဖိအားပေးခဲ့တာပဲ။ အခုလည်း ဖိအားပေးနေတုန်းပါပဲ။ UPWC နဲ့အတူ ဆွေးနွေးနေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးဟာ နိုဝင်ဘာလအတွင်း ကချင်ပြည်နယ်မှာ လမ်းသလားနေခဲ့ပါတယ်။ သူ့ကြောင့်ပဲ ပဋိပက္ခတွေ ပိုများလာရတာ ဖြစ်တယ်။ လိုင်ဇာဗိုလ်သင်တန်းကျောင်းကို ပစ်တဲ့ ကိစ္စမှာလည်း သံသမကင်းသူပါ။ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားသေးတယ်ဆိုရင် တိုင်းရင်းသားလူမျိုးများအပေါ် ဒီလောက်တောင် မျက်နှာပြောင်တက်တဲ့လူကို ဆွေးနွေးပွဲတွေမှာ မသုံးသင့်တော့ပါဘူး။
အခုအနေအထားမှာ အပစ်ရပ်ဖို့ တိုင်းရင်းသားတို့ဘက်က အာသီသရှိနေပေမဲ့ အပေါ်က အခန်း(၅) အပိုဒ်(၂၁) (က)လိုမျိုး ပူးတွဲကော်မတီတွေ မရှိခဲ့ရင် တိုင်းရင်းသားတွေအနေနဲ့ အစိုးရနဲ့တန်းတူဆွေးနွေးနိုင်မှာ မဟုတ်ပါဘူး။ တန်းတူ မဆွေးနွေးနိုင်ခဲ့ရင် တန်းတူရေးဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး။ ပေးသလောက်ပဲ ရမှာ ဖြစ်တယ်။ ပြီးတော့ ပြည်သူ့စစ်ဘဝ ရောက်ချင်ရောက်မယ်၊ နယ်ခြားစောင့်တပ်ဘဝ ရောက်ချင်ရောက်မယ်၊ လက်နက်ချချင်ချမယ်။ နှစ်ပေါင်း(၂၀)ကျော်အတွင်း ဒီလိုပဲ ဖြစ်ခဲ့ပေါင်း များလှပါပြီ။
နဝတ၊ နအဖလက်ထက်မှာ လက်နက်နဲ့ ငြိမ်းချမ်းရေးဆိုတဲ့ စကားကို နိုင်ထက်စီးနင်းနဲ့ သုံးပြီး အဖွဲ့ပေါင်း (၄၀)ကို အပစ်ရပ်အောင် လုပ်ခဲ့တယ်။ ၂၀၀၉-မတိုင်ခင်မှာ (၁၅)ဖွဲ့က ကြွကုန်ပြီ။ ဘာနိုင်ငံရေးအခွင့်အရေးကိုမှ မရဘဲ ပြည်သူ့စစ်ဘဝကို ခံယူခဲ့ကြရတယ်။ လက်နက်ချသူ ချခဲ့ကြရတယ်။ (၄၀)မှာ (၁၅) လျှော့တော့ (၂၅) ကျန်သေးတယ်။ အဲဒီ (၂၅)ဖွဲ့အနက် ၂၀၁၀-ခု သိန်းစိန်အစိုးရလက်ထက်အထိ BGF ဘဝရောက်သွားသူက (၅)ဖွဲ့၊ ပြည်သူ့စစ်အသွင် ပြောင်းသွားတာက (၁၅)ဖွဲ့ဆိုပြီး မြန်မာ့တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ကုန်ကြတယ်။ ပြည်သူ့စစ်လည်း မလုပ်၊ နယ်ခြားစောင့်တပ်လည်း မလုပ် ကျန်နေခဲ့တဲ့ အဖွဲ့အစည်းက (၅)ဖွဲ့ပဲ ဖြစ်တယ်။ ဒီကိန်းဂဏန်းကို ကြည့်ရင် မင်းအောင်လှိုင် သွားချင်တဲ့ လမ်းကြောင်းက ဘာလမ်းကြောင်းလဲ မေးစရာတောင် မလိုပါဘူး။ အခု UNFC အဖွဲ့ ပေါ်ပေါက်လာလို့ အဖွဲ့ (၁၂)ဖွဲ့က ပါဝင်ခဲ့သလို အခြားအဖွဲ့(၄)ဖွဲ့နဲ့ ပေါင်းပြီး အဖွဲ့ (၁၆)ဖွဲ့က NCCT အဖြစ်နဲ့ စုစုစည်းစည်း ဆွေးနွေးလျက်ရှိရာ ဒါကို မင်းအောင်လှိုင်က မကျေမချမ်း ဖြစ်နေပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေ သွေးကွဲရာသွေးကွဲကြောင်း ရန်တိုက်ပေးတယ်။
ဒီလောက်ဆို မြန်မာ့တပ်မတော်ဟာ အတိုက်အခံများအပေါ်မှာပဲ မရိုးမသား လုပ်နေတာမဟုတ်ဘဲ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအပေါ်မှာလည်း ရိုးသားမှု မရှိကြောင်း၊ အပစ်ရပ်ကနေ လက်နက်ချရေးလမ်းစဉ်သို့ ရောက်အောင် လမ်းကြောင်းခင်းပေးနေကြောင်း၊ တိုင်းရင်းသားတို့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်တပ်မတော်ဟာ မြန်မာ့တပ်မတော်ကို ထိုးစစ်ဆင်ဖို့မဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးပွဲမှာ တပ်မတော်အလိုကျ ဖြစ်မလာပါက မင်းအောင်လှိုင်က ထိုးစစ်အကြီးအကျယ် ဆင်နွှဲလာမှာမုချမို့ ကြိုတင်ကာကွယ်မှုတစ်ခုသာ ဖြစ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲမှာ လူမျိုးတန်းတူရေး၊ ဒီမိုကရေစီရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အာမခံချက်များ ရရှိပါက ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့ပေါင်းစည်းကာ စစ်မှန်တဲ့ပြည်ထောင်စုကြီးကို စစ်မှန်တဲ့ ပြည်ထောင်စုတပ်မတော်တစ်ရပ်အနေနဲ့သာ ကာကွယ်သွားမှာ ဖြစ်ကြောင်း သိသင့်ပါတယ်။ ရင်ကွဲမတတ် ရင်ဘတ်ထုပြီး ဟောပြောနေတဲ့ သဘာဝသမားတွေအနေနဲ့ (၁) ဒီမိုကရေစီစနစ်ကို လက်ခံမလား၊ လက်မခံဘူးလား၊ (၂) လူမျိးတန်းတူရေးကို အသိအမှတ်ပြုမလားမပြုဘူးလား၊ (၃) လူ့အခွင့်အရေးကို လေးစားမလား မလေးစားဘူးလား ကိုယ့်ဟာကိုယ် မေးကြည့်ပါ။ ပြီးတော့ အရေးကြီးဆုံးမှာ မြန်မာ့တပ်မတော်ကြောင့်ပဲ ဒီတိုင်းပြည် ပျက်စီးနေရတာ ဖြစ်လို့ နွားသိုးကြိုးပြတ်တပ်မတော်ကို ဇက်ကြိးတပ်နိုင်ဖို့ အင်မတန်မှ အရေးကြီးကြောင်း သိထားကြရမှာ ဖြစ်တယ်။
https://www.facebook.com/photo.php?fbid=607674412694131&set=a.128524570609120.21200.100003547338933&type=1&theater

0 comments: