Breaking News
Loading...
Wednesday, December 3, 2014

Info Post
http://chanmyae.blogspot.com
4 hrs · 

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို ကြိုဆိုပါတယ်
ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့ သဘောတူညီမှု ရခဲ့ပြီလို့ သမ္မတသိန်းစိန်က ပြောတယ်။ အပစ်ရပ်စာချုပ်မှာ အဲ့လို ဖော်ပြထားတာ မရှိတော့ ဗိုလ်မှူးကြီးခွန်ဥက္ကာက သမ္မတကြီးစကားဟာ အထူးအဆန်းဖြစ်ပြီး ဒီစကားအတိုင်း စာချုပ်မှာ ထည့်လိုက်ရင် ပိုအားကောင်းမယ်လို့ ဆိုနေပါတယ်။ ဒီကြားထဲမှာ UNFC က ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် စစ်ဦးစီးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါသေးတယ်။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို ၂၀၁၁-ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက စတင်ဖွဲ့စည်းခဲ့ပြီး KNU-KNLA ကို ဖွဲ့စည်းတုန်းက အခုလက်ရှိ KNU ဥက္ကဋ္ဌမူတူစေဖိုးက စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ပေမဲ့ အခု လက်ရှိမှာ KNPP က ဗိုလ်ချုပ်ဘီထူးက တာဝန်ယူနေဆဲဖြစ်တယ်။ အရင်က မြောက်ပိုင်းစစ်ဒေသတစ်ခုကိုပဲ ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပြီး အခု တောင်ပိုင်းစစ်ဒေသကိုလည်း ထပ်မံဖွင့်လှစ်နိုင်ခဲ့ပါပြီ။ အခု မြောက်ပိုင်းစစ်ဒေသကို KIA ဒုဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်က ဦးဆောင်ပြီး အသစ်ဖွင့်လှစ်တဲ့ တောင်ပိုင်းစစ်ဒေသကို KNU-KNLA ဒုဦးစီးချုပ် ဗိုလ်မှူးကြီးဘောကျော်ဟဲက ဦးဆောင်မှာ ဖြစ်ကြောင်း သိရတယ်။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို အရှေ့ပိုင်းစစ်ဒေသနဲ့ အနောက်ပိုင်းစစ်ဒေသဆိုပြီး ထပ်ဖွင့်ဖို့ ရှိအုံးမယ်လို့ ယူဆရပါတယ်။
ဒီနေရာမှာ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဘာကြောင့် လိုအပ်သလဲလို့ မေးစရာ ရှိတယ်။
၁။ ၁၉၉၀-ပြည့်နှစ်များက စပြီး နိုင်ငံရေးဆွေးနွေးဖို့ အပစ်ရပ်ခဲ့ကြတဲ့ တိုင်းရင်းသားတွေဟာ အရပ်သားအစိုးရ တက်မလာခင်မှာ BGF များအဖြစ် ဖွဲ့စည်းပြီး နိုင်ငံရေးပါတီများ ထူထောင်ကြဖို့ ဖိအားပေးခံခဲ့ရပါတယ်။ အချို့အင်အားနည်းတဲ့ တပ်ဖွဲ့များနဲ့ ပရော့ဇီအဖွဲ့များကို ပြည်သူ့စစ်များအဖြစ် ပြောင်းလဲသွားခဲ့ပေမဲ့ အတော်များများဟာ ငြင်းဆိုခဲ့ကြပါတယ်။ အရပ်သားအစိုးရတက်လာတဲ့အခါ နိုင်ငံရေးဆွေးနွေးပါလို့ ပြောခဲ့တဲ့ ကတိကို မစောင့်စည်းဘဲ စစ်ရေးအရ အမြတ်ထုတ်လာမဲ့ သိန်းစိန်အစိုးရရဲ့ ထိုးစစ်ကို ခုခံဖို့ FUA က ပေါ်ပေါက်ခဲ့ရခြင်းဖြစ်တယ်။
၂။ သိန်းစိန်အစိုးရ တက်လာတဲ့အခါ တိုင်းရင်းသားတော်လှန်ရေးသမားများနဲ့ ပတ်သက်ပြီး မူဝါဒ (၃)မျိုးကို ကျင့်သုံးခဲ့တယ်။ (၁) နဝတ၊ နအဖလက်ထက်မှာ အပစ်မရပ်ခဲ့လို့ အထိနာဖူးတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို ချဉ်းကပ်ပြီး စည်းရုံးတယ်။ (၂) အပစ်ရပ်ခဲ့ပေမဲ့ အမျိုးသားညီလာခံမှာလည်း ပြဿနာ သိပ်မရှာခဲ့၊ အင်အားလည်း သိပ်မများတဲ့ အဖွဲ့များကို ထပ်ကွမ်းအပစ်ရပ်ရအောင် လုပ်ခဲ့တယ်။ (၃) အမျိုးသားညီလာခံမှာ ဖက်ဒရယ်မူနဲ့ အနှောင့်အယှက်ပေးခဲ့ပြီး BGF ကို တိုင်းရင်းသားတို့လက်မခံအောင် အဓိကဦးဆောင်ခဲ့သူလို့ သူတို့ယူဆတဲ့ KIO-KIA ကို အရင်က ကရင်တွေကို လုပ်ခဲ့သလိုမျိုး အထီးကျန်အောင် ထားပြီး စစ်ကစားဖို့ ဆုံးဖြတ်ခဲ့တယ်။ ပြည်တွင်းမှာ NLD ကို ချော့မော့ပေါင်းသင်းရင်း နိုင်ငံရေးအမြတ်ထုတ်နိုင်အောင် ကြိုးစားနေတုန်းမှာ အခြားတိုင်းရင်းသားများကို ချွေးသိပ်ပြီး ကချင်ပြည်နယ်မှာ စစ်ရေးအရ အမြတ်ထုတ်နိုင်အောင် ကြံစည်ခဲ့တယ်။ အပစ်ရပ်တာပဲဖြစ်ဖြစ်၊ မရပ်တာပဲဖြစ်ဖြစ် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို အကြီးအကျယ်ထိုးစစ် ဆင်နွှဲဖို့ ရှိကြောင်း သိရတော့လည်း ဒါကို တိုင်းရင်းသားတို့က စုစည်းညီညွတ်ကြောင်း ပြသတဲ့အနေနဲ့ FUA ကို ထပ်မံတိုးချဲ့လိုက်ခြင်း ဖြစ်တယ်။
၃။ သိန်းစိန်အစိုးရတက်လာတဲ့ နောက်ပိုင်းမှာ ထာဝရငြိမ်းချမ်းရေးကို ကြွေးကြော်ရင်းနဲ့ အစိုးရတပ်က ထိုးစစ်ပေါင်း (၅၀၀)ထက်မနည်း ဆင်နွှဲခဲ့ပါတယ်။ ရင်ဆိုင်တိုက်ပွဲပေါင်း ရာချီလည်း ရှိခဲ့ပါတယ်။ UNFC အနေနဲ့ အပစ်ရပ်ရေးကို ဆွေးနွေးရင်းနဲ့ မြန်မာ့တပ်မတော်ထိုးစစ်ကို ကန့်ကွက်ကြောင်း ကျေညာချက်အတန်တန် ထုတ်ခဲ့ရတယ်။ ဒါကြောင့် FUA အနေနဲ့ UNFC ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ခံယူရင်း စစ်ရေးနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်စရာ ရှိလာတဲ့အခါ UNFC အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် ဝိုင်းဝန်းကူညီပေးနိုင်တဲ့ သဘော ရှိပါတယ်။ အနည်းဆုံး ကန့်ကွက်ရှုတ်ချကြောင်းကို UNFC ကိုယ်စား ထုတ်ပြန်ပေးနိုင်ပါလိမ့်မယ်။ UNFC ရဲ့ စစ်ရေးအခြေအနေကို အကောင်းဆုံး သုံးသပ်ပြီး အဖြေရှာနိုင်ပါလိမ့်မယ်။ ဒါ့အပြင် အပစ်ရပ်ရေးဆွေးနွေးပွဲများမှာလည်း FUA ကို ကိုယ်စားပြုပြီး ပါဝင်နိုင်ပါလိမ့်မယ်။
မင်းအောင်လှိုင်က ဘာကြောင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို မထောက်ခံသလဲ ထပ်မေးစရာ ရှိပါတယ်။
၁။ Federal Union Army (FUA) က UNFC ရဲ့ နိုင်ငံရေးဦ်းဆောင်မှုအောက်မှာ၊ တိုင်းရင်းသားမိဘပြည်သူများရဲ့ လက်အောက်မှာ အသက်ကို အပ်နှင်းထားမှာ ဖြစ်လို့ UNFC ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ အောင်မြင်ဖို့ အစွမ်းကုန်ပံ့ပိုးကူညီပါလိမ့်မယ်။ ငြိမ်းချမ်းရေးရဖို့ မြန်မာ့တပ်မတော် အနှောင့်အယှက်ပေးသမျှကို ကြံ့ကြံ့ခံသွားမှာ ဖြစ်တယ်။ FUA က ပြည်ထောင်စုစိတ်ဓာတ်အပြည့်နဲ့ UNFC ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ခံယူလေ အရပ်သားအစိုးရရဲ့ ဦးဆောင်မှုကို မခံယူဘဲ ဖွဲ့စည်းပုံကို ပြန်ပေးဆွဲထားတဲ့ မြန်မာတပ်မတော်အပေါ် ဖိအားများလေလေပဲ ဖြစ်တယ်။ ကာချုပ်မင်းအောင်လှိုင်က ဒီလိုဖိအားများလာမှာကို သိလို့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ထင်ထင်ပေါ်ပေါ် ဖြစ်လာမှာကို မလိုလားခြင်းပဲ ဖြစ်တယ်။
၂။ ပုဒ်မ ၄၃၆ ကို မပြင်ရင် ဘယ်သူ့အပေါ်မှာ ဖိအားရှိမလဲ။ မြန်မာ့တပ်မတော်အပေါ်မှာပဲ ဖြစ်တယ်။ အရပ်သားလက်အောက်မှာ မနေဘူးဆိုရင် ဘယ်သူ့အပေါ်မှာ ဖိအား ရှိစေမလဲ။ မြန်မာ့တပ်မတော်အပေါ်မှာပဲ ဖြစ်တယ်။ တိုင်းရင်းသားတို့က ငြိမ်းချမ်းရေးလိုချင်ရက်သားနဲ့ မြန်မာ့တပ်မတော်က စစ်ရေးအရ ဖိအားပေးခဲ့ရင် ဘယ်သူ့အပေါ်မှာ ဖိအားရှိစေမလဲ။ မြန်မာ့တပ်မတော်အပေါ်မှာပဲ ဖြစ်တယ်။ အခု တိုင်းရင်းသားတို့က ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို ပြင်ဆင်ဖွဲ့စည်းတော့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ထဲမှာ KNU/KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ပူးပေါင်းပါဝင်လာပါပြီ။ FUA ကို မင်းအောင်လှိုင်က ဖိအားပေးခဲ့လို့ တိုင်းရင်းသားတို့က စစ်ရေးအရ စုစည်းညီညွတ်ကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်တယ်။ မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသားတော်လှန်ရေးသမားတွေကို အထင်သေးတဲ့စကားကို မကြာခဏ ပြောတတ်ပါတယ်။ သူတို့အမြင်နဲ့ ကြည့်ရင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေဟာ နယ်စပ်စည်းကို ခွထိုင်နေရတဲ့ဘဝ ရောက်နေပြီမို့ စစ်ရေးအရ ဆုံးရှုံးမှု များနေပြီလို့ ထင်ကြမှာပါ။ ဒါပေမဲ့ မင်းအောင်လှိုင်တို့ မသိတာက ဒီ FUA ကို မြို့ကြီးပြကြီးက တိုင်းရင်းသားမိဘပြည်သူများ ထောက်ခံကြတယ်ဆိုတဲ့ အချက်ပါ။ မြန်မာ့တပ်မတော်ကို တိုင်းရင်းသားတွေ မပြောနဲ့၊ မြန်မာပြည်သူများတောင် ထောက်ခံဖို့ ခပ်ခက်ခက်ပါ။ တပ်မိသားစု၊ အခွင့်ထူးခံအချို့ပဲ ထောက်ခံကြဖွယ် ရှိပါတယ်။ ပြည်သူတို့ရဲ့ ထောက်ခံမှုကို မရရှိတဲ့ တပ်ဟာ မဟာဗျူဟာအရ ကျဆုံးခန်းရောက်နေပြီလို့ ဆိုချင်ပါတယ်။ မြန်မာ့တပ်မတော်က သူတို့ရဲ့ မဟာဗျူဟာ ကျဆုံးခန်းကို လူတွေကို မသိစေချင်ပါဘူး။ ဒါကြောင့် FUA ကို မကြိုက်ပါဘူး။
၃။ မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားဖို့ ဆိုရင် ဒီနိုင်ငံမှာ စစ်ရေးအရ အသာဆုံး ဖြစ်နေဖို့ လိုပါတယ်။ အာဏာကို ချုပ်ကိုင်ထားဖို့ ဆိုရင် ဘာမဆို လုပ်မဲ့ လက်နက်ကိုင်အဖွဲ့အစည်းလည်း ဖြစ်တယ်။ ဒီလို လုပ်ခဲ့တဲ့ သမိုင်းကြောင်းလည်း ရှိပါတယ်။ အခု မြန်မာ့တပ်မတော်က ပြုပြင်ပြောင်းလဲရေးအချို့ကို လုပ်နေခြင်းမှာ စစ်အာဏာရှင်ဝါဒကို ပြောင်ပြောင်တင်းတင်းသွားလို့ မရတော့လို့ စစ်အုပ်ချုပ်ရေးကို ဆေးဆိုးပန်းရိုက်ပြီး ကာလာချိန်းလိုက်တာပါ။ သူတို့ လိုချင်တာက ရိက္ခာနဲ့ လက်နက်ပါ။ ဒါကြောင့် စီးပွားရေးအောင်မြင်ဖို့ အရေးကြီးပါတယ်။ နောက်ပြီး ပြည်သူတွေကို ဝဝလင်လင် ကျွေးဖို့လည်း လိုအပ်ကြောင်း ရိပ်မိလာတာမျိုး ဖြစ်တယ်။ စီးပွားရေးကို ကောင်းကောင်းလုပ်နိုင်ဖို့၊ ပြည်သူတို့ကို ခရိုနီလက်အောက်မှာ ကျွန်ခံဖို့ နိုင်ငံရေးနဲ့ စစ်ရေးတည်ငြိမ်မှု နည်းနည်းလိုပါတယ်။ အဲဒီလိုတည်ငြိမ်နေဖို့ဆိုရင် NLD က လွှတ်တော်ထဲ ရောက်နေဖို့ လိုသလို FDI ဝင်ဖို့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများလည်း ၂၀၀၈-ခု ဒိုင်အာခီစနစ် နာဂစ်ဖွဲ့စည်းပုံကို လက်ခံဖို့ လိုကြောင်း ကောင်းကောင်းသိကြပါတယ်။ ဒါကြောင့်လည်း သူတို့က နေရာတိုင်းမှာ ဥပဒေနဲ့အညီ ဆိုတဲ့စကားလုံးကို ခရားရေလွှတ်ပြောနေရတာ ဖြစ်တယ်။ တကယ်လို့ အပစ်ရပ်ခဲ့ပြီဆိုရင် ၂၀၀၈-ခုဥပဒေနဲ့အညီဆိုပြီး ခရိုနီကုမ္ပဏီတွေ၊ နိုင်ငံခြားကုမ္ပဏီတွေကို ပြည်နယ်တွေထဲ ဒလဟော ဝင်လာမှာ ဖြစ်ပြီး အဲဒီကုမ္ပဏီအကျိုးစီးပွားကို အကြောင်းပြကာ တိုင်းရင်းသားတို့ကို အမြစ်ပြတ်တိုက်ထုတ်ဖို့ ကြံရွယ်ထားတာ ရှိပါတယ်။ အခု FUA က ပေါ်ပေါ်ထင်ထင် ဖြစ်သွားလို့ မင်းအောင်လှိုင်တို့အတွက် အနှောင့်အယှက် ဖြစ်စေမှာ အမှန်ပါပဲ။ FUA အနေနဲ့ မြန်မာ့တပ်မတော်လုပ်တဲ့ စစ်ရေးပိတ်ဆို့မှုမှန်သမျှကို ဖွင့်ပေးရပါလိမ့်မယ်။ ဖက်ဒရယ်ပြည်ထောင်စု မပေါ်မချင်း ပြည်နယ်တွေမှာ အကြီးစားရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုလို့ မရကြောင်း အသိပေးရပါလိမ့်မယ်။ ဒါဟာ မြန်မာ့တပ်မတော်ကို အရှိုက်ထိစေတာမို့ မင်းအောင်လှိုင်က FUA ကို မကြိုက်နိုင်ပါဘူး။
မြန်မာ့တပ်မတော်မှာ တိုင်းရင်းသားအရာရှိအရာခံတွေ ၄၅၀၀ မျှ ရှိတယ်၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ ရှိတယ်၊ မိမိကိုယ်တိုင်က ထားဝယ်က လာတယ်၊ ဒါကြောင့် ပြည်ထောင်စုတပ်မတော် ဖြစ်ပြီသားလို့ ကာချုပ်မင်းအောင်လှိုင်က ဆိုပါတယ်။ ဒီထက် ထောက်ပြရရင် ဗိုလ်ချုပ်အောင်ဆန်းတို့က BIA ကို ဘန်ကောက်မှာ ဖွဲ့စည်းတော့ အဲဒီမှာ မွန်နဲ့ ထားဝယ်ကလွဲပြီး ဘယ်သူက ရှိမှာလဲ။ လွတ်လပ်ရေးတိုက်ပွဲမှာ မွန်တို့က (၃၀၀၀)ကျော်ပါဝင်ခဲ့ပြီး ဗိုလ်မှူးဗထူးဆိုတာ ထားဝယ်ပါပဲ။ ဦးနုလက်ထက်အထိ ပြည်ထောင်စုတပ်မတော်အရိပ်အရောင်ကို တွေ့ခဲ့ရပါသေးတယ်။ ဒါပေမဲ့ နေဝင်းတက်လာတဲ့နောက်ပိုင်းမှာ မြန်မာ့တပ်မတော်ဟာ လူတစ်စုကိုပဲ အလုပ်အကျွေး ပြုလာတဲ့ တပ်မတော် ဖြစ်ခဲ့ပါတယ်။
တစ်ပါတီအာဏာရှင်စနစ်ကို မိမိတို့ဆန့်ကျင်ခဲ့ရခြင်းမှာ ဗမာတွေကို ဆန့်ကျင်ခဲ့တာ မဟုတ်ဘူး။ မိမိတို့ရွာက လက်ကိုင်တုတ်မွန်များကို ဆန့်ကျင်ခဲ့ရခြင်းဖြစ်တယ်။ မြို့နယ်ဆို မြို့နယ်အလိုက်၊ ပြည်နယ်ဆို ပြည်နယ်အလိုက်၊ နိုင်ငံတော်ဆိုရင် နိုင်ငံတော်အလိုက် စနစ်ကို ဆန့်ကျင်ခဲ့ခြင်းဖြစ်တယ်။ အလားတူ တပြည်ထောင်စုစနစ်ကို ဆန့်ကျင်တဲ့အခါမှာလည်း အတူတူပါပဲ။ ဗမာလူမျိုးတွေကို ဆန့်ကျင်နေတာ မဟုတ်ဘူး။ တပြည်ထောင်စနစ်ကို ထောက်ခံသူ ဘယ်သူကိုမဆို မိမိတို့ ဆန့်ကျင်ရမှာ ဖြစ်တယ်။ သိန်းစိန်က ကရင်ဖြစ်နေပါစေ၊ မွန်ဖြစ်နေပါစေ၊ ရခိုင်ဖြစ်နေပါစေ၊ ဗမာဖြစ်နေပါစေ မိမိတို့ ဆန့်ကျင်ရမှာ ဖြစ်တယ်။ FUA ဟာ ဒီသဘောတရားကို အသွင်ဆောင်ပါတယ်။
လက်ရှိမြန်မာ့တပ်မတော်မှာ ကာချုပ်က ထားဝယ်က လာတယ်။ သူက ဘာလူမျိုးလဲ တွေးဖို့ မအားဘူး။ သူက ဖက်ဒရယ်စနစ်ကို လက်ခံမလား၊ လက်မခံဘူးလား ဒါကို ကြည့်တယ်။ သူက ပြည်ထောင်စုတပ်မတော်ကို လက်ခံလား၊ လက်မခံဘူးလား အကဲဖြတ်တယ်။ ပြီးတော့ သူက တပ်မတော်ကို အပိုင်စီးထားမလား၊ အရပ်သားလက်အောက်မှာ နေမလား စောင့်ကြည့်တယ်။ ဒီမိုကရေစီကျင့်သုံးမှုကို ထောက်ခံနေသလား၊ အနှောင့်အယှက်ပေးနေသလား အဲဒါ အဖြေ ဖြစ်တယ်။ လက်ရှိမြန်မာ့တပ်မတော်ရဲ့ အနေအထားဟာ ဘယ်သူ့ကို သစ္စာခံနေသလဲ အဖြေက ရှင်းပါတယ်။ ပြည်သူတို့နဲ့ တိုင်းရင်းသားလူမျိုးများအပေါ် ဘယ်လိုသဘောထားနေလဲ မေးစရာမလိုပါဘူး။ အဖြေက ရှင်းပါတယ်။ FUA ဟာ လူမျိုးတစ်မျိုးမျိုး၊ ဘာသာတရားတစ်ခုခု၊ ပြည်နယ်တစ်ခုခုကိုပဲ ကိုယ်စားပြုတာ မဟုတ်ဘူး။ ပြည်ထောင်စုသားအားလုံးကို ကိုယ်စားပြုမှာ ဖြစ်တယ်။
မြန်မာ့တပ်မတော်ဟာ ပြည်သူတို့ကို မခန့်လေးစားလုပ်တယ်၊ တိုင်းရင်းသားတို့ကို ရန်စတယ်၊ နိုင်ငံတော်အာဏာကို ပြန်ပေးဆွဲထားတယ်။ ဖွဲ့စည်းပုံကို ပြင်သင့်သလောက်ပဲ ပြင်မယ်လို့ ပြောတာတွေဟာ ဖွဲ့စည်းပုံကို ငါတို့ပိုင်ကြောင်း ပြောနေသလိုပါပဲ။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို မလိုလားဘူးလို့ ပြောတာဟာ မြန်မာ့တပ်မတော်က တပြည်ထောင်တပ်မတော် ဖြစ်ကြောင်း ဝန်ခံရာရောက်တယ်။ ပြီးတော့ တပ်မတော်မူ (၆)ချက်ကို ချမှတ်ပြီး အပစ်ရပ်ရေးကို ကြိုးစားတော့ တိုင်းရင်းသားတို့အပေါ် မြန်မာ့တပ်မတော်ရဲ့ သဘောထားဟာ သံသယပွာပြီး ရန်လိုနေတဲ့ အနေအထားပါ။ တိုင်းရင်းသားတွေကို ရန်သူလို သဘောထားကြောင်းကို လိုင်ဇာဗိုလ်သင်တန်းကျောင်းကို ပြောင်ပြောင်တင်းတင်း ပစ်ပြခြင်းနဲ့ သက်သေထူခဲ့ပါတယ်။ ဒါပေမဲ့ FUA ဟာ အဲ့လိုရန်စမှုများကို လုပ်မှာမဟုတ်ဘူး။ သွေးဆာနေတဲ့ တပ်မတော်တစ်ရပ်လည်း မဟုတ်ဘူး။ အနာဂတ်မှာ ဖက်ဒရယ်ပြည်ထောင်စုကို ကာကွယ်စောင့်ရှောက်ရမဲ့တပ်မတော် ဖြစ်တယ်။
ဒါကြောင့် UNFC အနေနဲ့ ဖက်ဒရယ်အစိုးရတစ်ရပ် မဟုတ်လင့်ကစား မဏ္ဍိုင်(၃)ရပ်ကို ခွဲခြားကျင့်သုံးတတ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်အောင် လေ့ကျင့်ပြီး ပြည်နယ်များကာကွယ်ရေးအတွက် FUA လိုသလို တရားဥပဒေစိုးမိုးရေးအတွက်လည်း FUP ဖက်ဒရယ်ပြည်ထောင်စုရဲတပ်ဖွဲ့တစ်ခု လိုအပ်ကြောင်းပါ။ ဒီတော့ အခုဖက်ဒရယ်ပြည်ထောင်စုတပ်မတော်နဲ့ နောင်ရှိလာမဲ့ ဖက်ဒရယ်ပြည်ထောင်စုရဲတပ်ဖွဲ့ကို ဒီဆောင်းပါးနဲ့ ကြိုဆိုပါရစေ။
Top of Form

Like ·  · Share · 13

0 comments: