၂၀၁၅ နိုင်ငံရေး အခင်းအကျင်းမှာ ပျက်စီးမှုတွေ ဖြစ်လာနိုင်တယ်လို့ ဦးတင်ဦး ပြောကြား
===================
===================
===================
၂၀၁၅ခုနှစ်အတွင်း ဖြစ်ပေါ်လာမယ့် နိုင်ငံရေးအခင်းအကျင်းမှာ ပျက်စီးမယ့် အကြောင်းတရားတွေ တစ်ကျော့ပြန် မဖြစ်ပွားစေရေး နိုင်ငံရေး အင်အားစုတွေ ဝိုင်းလုပ်ဖို့ NLD ပါတီ နာယက သူရဦးတင်ဦးက တိုက်တွန်း လိုက်ပါတယ်။ ၂၀၁၅မှာ ဘာတွေဖြစ်လာနိုင်တယ်လို့ ဦးတင်ဦး ပြောလဲ။
၂၀၁၅ခုနှစ် အတွင်းမှာ စိတ်ပျက်စရာ အနှောက်အယှက် ပယောဂကြောင့် မလိုလားအပ်တဲ့ အပျက်အစီးနဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို အန္တရာယ်ရှာနိုင်တဲ့ ကိစ္စတွေ ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။
အဲဒီလို ပျက်စီးမယ့် အကြောင်းတရားတွေ တစ်ကျော့ပြန် မဖြစ်ပွားစေရေးအတွက် နိုင်ငံရေး အင်အားစုတွေ အပြုသဘောဆောင်တဲ့ စိတ်နဲ့ ဝိုင်းဝန်းဆောင်ရွက်ဖို့ သူရ ဦးတင်ဦးက တိုက်တွန်းလိုက်ပါတယ်။
“၂၀၁၅ခုနှစ်ဟာ ပျက်စီးမယ့် အကြောင်းတရားများ တစ်ကျော့ပြန်အစပြုသည့် နှစ်မဟုတ်ဘဲ ရှေ့သို့ တိုးတက် ချီတက်လျက်ရှိသော ပုံရိပ်ကို ပို၍အကောင်အထည်ဖော် ဆောင်ရွက်သောနှစ် ဖြစ်ပါစေကြောင်း တိုက်တွန်းအပ်ပါတယ်” လို့ သူက ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ဇန်နဝါရီလ ၄ ရက်နေ့က ရန်ကုန်မြို့တော်မှာ ရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ ပြုလုပ်တဲ့ (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဦးတင်ဦးက အခုလို ပြောဆိုတာပါ။
အဲဒီအခမ်းအနားသို့ တက်ရောက်လာတဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း ၂၀၁၅ခုနှစ် အတွင်း တွေ့ကြုံလာရမယ့် အခက်အခဲတွေကို ကျော်လွှားဖို့ ပါတီဝင်တွေ ပိုမိုစည်းလုံး ညီညွတ်ဖို့လိုတယ်လို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။
“ဒီနှစ်ဟာ အားလုံးအတွက် အခက်အခဲရှိလာမယ့် နှစ်ဖြစ်တဲ့အတွက် အားလုံးပဲ ပြည်သူတွေနဲ့ လက်တွဲပြီး အခက်အခဲတွေကို ကျော်လွှားကြရမှာ ဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
၂၀၁၅ခုနှစ်အတွင်းမှာ ဒုတိယအကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ ပြုလုပ်မှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံရေးမှာ အရှုပ်အထွေးတွေနဲ့ အစိုးရအဖွဲ့အတွင်း မမျှော်လင့်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ပြည်တွင်း ပြည်ပ နိုင်ငံရေးလေ့သူတွေက သုံးသပ်ပြောဆိုထားပါတယ်။
============
The Voice Weekly

0 comments:
Post a Comment