“ တနိုင်အာဏာဖီဆန်ရေး (၀ါ) မိုးချိုရေတပေါက် ”-မင်းကောင်းချစ်
၂၀၁၁ ခုနှစ်တုံးကရေးခဲ့တဲ့ ဆောင်းပါးလေးပါ ။ အဲ့ဒီကာလတုံးက နိုင်ငံနဲ့ ပြည်သူတွေကို ကြိမ်ဖန်များစွာ ဗိုလ်ကျအနိုင်ကျင့်ခဲ့ပြီးထင်ရာစိုင်းနေတဲ့ နအဖစစ်အစိုးရရဲ့လုပ်ရပ်တွေကို ပြည်သူပြည်သားတိုင်းက ၀ိုင်းဝန်းတားဆီးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးခဲ့တာပါ။
အခုကာလမှာတော့ ဦးသိန်းစိန်တို့ အစိုးရဟာ…၂၀၁၂ ခုနှစ်မှာ စစ်ဘောင်းဘီကိုဟန်ကျပန်ကျချွတ် ပြုပြင်ပြောင်းလဲရေးစကားဆိုပြီး ပြဇာတ်တပုဒ်ကိုအသုံးတော်ခံလာခဲ့တာ ဇါတ်ရုပ်တောင်ပေါ်နေပါပြီ ။
လဲမှို့ နဲ့ တူပြီး တန်ဘိုးနည်းတဲ့၊ အဓိကမကျတဲ့ ပြုပြင်ပြောင်းလဲရေးတချို့လုပ်ပြခဲ့လို့ လက်ခုပ်သံ တချို့ ရယူနိုင်ခဲ့ပေမဲ့ အခြေခံကျပြီး အဓိအရေးပါတဲ့ တိုင်းပြည်ကို စစ်သံပချုပ်ထဲကဆွဲထုတ်မတင် နိုင်ဘို့  ပုဒ်မ (၄၃၆) ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်ဖို့  တိုက်တွန်း လာကြတဲ့အခါ… တီကိုဆားနဲ့ ထိသလို တွန့် ဆုတ်နေတာမို့  ပြည်သူပြည်သားတိုင်းက၀ိုင်းဝန်း အားစိုက်တွန်းတိုက်ကြ ဖို့  လိုနေတာကြောင့် ဒီဆောင်းပါးကို ပြန်တင်ပေးလိုက်တာပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော့အတွက်တော့ စနေနဲ့ တနင်္ဂနွေရက်များမှ အေးအေးဆေးဆေးစာဖတ်ခွင့်ရလေ့ရှိ၏ ။ ကြားရက်များတွင်မူ ရုံးကိစ္စများဖြင့်ပိနေသောကြောင့်ဖြစ်၏ ။ ဒီတပတ်အားလပ်ရက်တွင် ကောက် ဖတ်ဖြစ်သော စာအုပ်မှာ Craw Shaw & Jackson တို့ ရေးသားသည့် “ Small Acts of Resistance ” လို့ အမည်ရှိသည့်စာအုပ်ဖြစ်သည်။ တနိုင်အာဏာဖီဆန်ရေးဟု မြန်မာပြန်လို၏ ။ ဒီနေရာမှာ ဆိုထား သည့် အာဏာဆိုသည်မှာ …အများပြည်သူအလိုမတူသည့် မတရားသောအမိန့် အာဏာကိုဆိုလို၏ ။
ထိုစာအုပ်၏အဖွင့်စာမျက်နှာတွင် ချက်(စ်)နိုင်ငံသမ္မတဟောင်း ဖြစ်သူ ဗားကလပ်ဟာဘဲလ်၏ အာဏာမဲ့သူတို့ ၏ အာဏာအကြောင်း စကားချီးဖြင့် စတင်ထား၏။ လူတဦးချင်းစီက မိမိဝန်းကျင် တွင်ဖြစ်ပျက်နေသော မတရားမှု့နှင့် ဖုံးကွယ်လိမ်ညာမှု့များကို အမှန်တရားဖြင့်နေထိုင်လိုစိတ်နှင့် အာခံဆန့် ကျင်မှု့များသည် တွက်ချက်၍မရနိုင်သော အကျိုးကျေးဇူးများဖြစ်ပွားတတ်ကြောင်းပြော ထား၏ ။
(၁၉၈၉) ခု နှစ်ကုန်ပိုင်းတွင် တကမ္ဘာလုံးအံအားသင့်ရလောက်အောင် ဖြစ်ပွားခဲ့သည့် အရှေ့ဥရောပ တခွင်လုံး၏ ပြောင်းလဲမှု့ကြီးသည် သာမန်ပြည်သူလူထုထဲမှ တဦးချင်းစီ၏ မတရားမှု့အပေါ် တနိုင် အာဏာဖီဆန်ခဲ့ခြင်းများ၏ စုပေါင်းအကျိုးရလာဒ်ဖြစ်သည်ဟုလည်းဆိုထား၏ ။
ထိုစာအုပ်ထဲတွင် ကမ္ဘာအရပ်ရပ်ရှိ ရက်စက်ကြမ်းကျုတ်သောအာဏာရှင်များ၊ သက်ဦးဆံပိုင်ပဒေ သရာဇ်များ၏ ဖိနှိပ်မှု့အမျိုးမျိုးကို ပြည်သူပြည်သားတို့ မှ ရရာနည်းလမ်းမျိုးစုံဖြင့် ရဲဝံ့ပြောင်မြောက်စွာ အာဏာဖီဆန်ကြသည့်ဖြစ်ရပ်များစွာကိုဖေါ်ပြထား၏ ။ အဆိုပါဖြစ်ရပ်များထဲမှ အချို့ကို အောက်ပါ အတိုင်း ဆီလျှော်အောင် ကောက်နှုတ်ဖေါ်ပြလိုက်ပါ၏ ။
( လမ်းလျှောက်ကောင်းတဲ့ပိုလန်သားများ )
၁၉၈၀ ခုနှစ်ဝန်းကျင် ပိုလန်နိုင်ငံတွင်ကွန်မြူနစ်အစိုးရအုပ်စိုးနေသောကာလဖြစ်၏ ။ သင်္ဘောကျင်း အလုပ်သမားများဆန္ဒပြမှု့ကို လက်နက်ဖြင့်အကြမ်းဖက်သတ်ဖြတ်နှိမ်နင်းပြီးနောက် သတင်းအမှောင် ချ၍ လူထုအား နားပိတ်မျက်စိပိတ်အောင်လုပ်ထားသောကာလဖြစ်၏ ။အစိုးရ၏ ညနေပိုင်း (၇) နာရီခွဲ သတင်းကို နားမထောင်လိုသောပြည်သူများက “ TV – goes – for – a – walk ” သတင်းအတွက် လမ်းလျှောက်ထွက်ခြင်း သပိတ်ဆင်နွှဲကြ၏ ။
ညနေချမ်းသတင်းကြေညာချိန် (၇) နာရီခွဲ တွင် ပိုလန်သားတို့ လမ်းလျှောက်ထွက်ကြ၏ ။ ထိုအခါ ကွန်မြူနစ်အစိုးရက Curfew ( နေ၀င်မီးငြိမ်း အပြင်မထွက်ရအမိန့် ) ကို ည (၁၀)နာရီထားရာမှ..ည (ရ)နာရီထိဆွဲဆန့် ခဲ့၏ ။ ဤတွင် ပိုလန်သားတို့ လမ်းလျှောက်ချိန်မှာ ညနေ (၅)နာရီသတင်းကြေညာ ချိန်ဖြစ်တော့၏ ။
( သီချင်းဆိုကောင်းတဲ့ ဥရုဂွေးသားများ )
၁၉၇၃ ခုနှစ်မှစ၍ စစ်အာဏာရှင်တို့ ဥရုဂွေးနိုင်ငံကို ဗိုလ်ကျစိုးမိုးခဲ့၏ ။ ပြည်သူအထောင်အသောင်း တို့ တိုင်းတပါးသို့ ထွက်ပြေးကြရ၏ ။ အတိုက်အခံတို့ အား ထောင်သွင်းအကျဉ်းချ၍ ရက်စက်စွာ သတ်ဖြတ်နှိပ်စက်ခဲ့၏ ။ နေရာတိုင်းတွင် ဖိနှိပ်ချုပ်ချယ်မှု့များရှိနေ၏ ။ တိုင်းပြည်ကိုလက်နက်ဖြင့် ငြိမ်ဝပ်ပိပြားအောင် ဇွတ်ပုံသွင်းထားခဲ့၏ ။
စစ်အုပ်ချုပ်မှု့ (၁၂) နှစ်ကြာပြီးနောက် တခုသောဘောလုံးပွဲတွင် အံအားသင့်စရာ အဖြစ်ပျက် တခုဖြစ်ခဲ့၏ ။ ထုံးစံအရ အထူးဘောလုံးပွဲမစမှီ နိုင်ငံတော်သီချင်းကိုဆိုကြရ၏ ။ ထိုနေ့ က ဥရုဂွေး သားတို့ သည်နိုင်ငံတော်သီချင်းကို ပထမပိုင်းတွင် စိတ်မပါဘဲသီဆိုနေရင်း “ ဖိနှိပ်သူတို့ ကျဆုံးပါစေ ” ဟူသော စာသားအရောက်တွင် ဥရုဂွေးသားတို့ မတိုင်ပင်ရဘဲ တညီတညာထဲ ကျယ်လောင်စွာသံပြိုင် သီဆိုခဲ့ကြ၏ ။ အလံများကိုလည်းဝမ်းသာအားရ ဝှေ့ ယမ်းခဲ့ကြ၏ ။ စစ်အစိုးရ မည်သို့ မျှမတတ်နိုင် ။ ဘောလုံးကွင်းပြည့် လူထုကြီးကိုလည်း ဖမ်း၍မဖြစ်နိုင်ခဲ့ ။ နိုင်ငံတော်သီချင်းထဲမှ ထိုစာသားကို စစ်အစိုးရမှ ဖြုတ်ထုတ်ရန်ကျိုးစားခဲ့သေး၏ ။ သို့ သော် ပို၍အရှက်ရစရာသာကြုံခဲ့၏ ။ နောက်ဆုံးတွင် ဥရုဂွေးနိုင်ငံ စစ်အာဏာရှင်တို့ ၁၉၈၅ ခုနှစ်တွင် ကျဆုံးခဲ့ရ၏ ။
( လူရွေးတင်တဲ့ အီရန်က တက္ကစီသမားများ )
၁၉၇၉ ခုနှစ်မှစတင်၍ အီရန်နိုင်ငံတွင် နိုင်ငံရေးအာဏာကို အစ္စလာမ်ဘာသာရေးခေါင်းဆောင်များလွှမ်းမိုးထားခဲ့၏ ။ ချုပ်ချယ်လွန်းပြီး ရှေးရိုးစွဲကြီးမားသည့် ဘာသာရေးခေါင်းဆောင်များကို လွတ်လပ်၍ တိုးတက်သောအမြင်ရှိသည့် ပြည်သူများက မနှစ်မြို့ကျပေ ။ သူတို့ ၏မကျေနပ်မှု့ကိုထုတ်ဖေါ်သည့်အနေဖြင့် အီရန်တက္ကစီ ဒရိုက်ဘာတို့ သည် လမ်းတွင် ဦးပေါင်းထုပ်နှင့် ဘာသာရေးသမားများ ( Mullah ) လက်တားလျှင် ဘယ်သောအခါမှ ရပ်မပေးခြင်းဖြင့်ပြသကြ၏ ။ ထိုတက္ကစီသမားတို့ ၏ တနိုင်အာဏာဖီဆန်မှု့ကို မီးမောင်းထိုးပြသည့် အိမ်မြှောင်ကလေး ( The Lizard ) အမည်ရှိသည့် ရုပ်ရှင်ကားကို ၂၀၁၄ ခုနှစ်တွင်ပြသခဲ့ရာ အီရန်တနိုင်ငံလုံး အုတ်အော်သောင်းနင်းဖြစ်စေခဲ့၏ ။
ထိုကားထဲတွင် အိမ်မြှောင်ကလေး ရီဇာ အမည်ရှိ သူခိုးကလေး ထောင်နံရံဖက်တက်ပြီး လွတ်မြောက် သွားရာမှ ခိုးယူရခဲ့သော ဘာသာရေးသမားတို့ ၏ ၀တ်ရုံဖြင့် ထွက်ပြေးရာလမ်းတွင် တက္ကစီတား၍ မရနိုင်ဘဲ ဒုက္ခရောက်ခဲ့ပုံကို အီရန်ပြည်သူများ သဘောကျနှစ်ခြိုက်ကြ၏ ။ ရက်သတ္တပါတ်အနဲငယ် အကြာတွင် အီရန်အာဏာပိုင်တို့ က ထိုရုပ်ရှင်ကားကို တားမြစ်ခဲ့သော်လည်း နောက်ကျသွားခဲ့၏ ။ အီရန်ပြည်သူများက ခိုးကူးခွေများဖြင့် အိမ်တွင်းမှာ ရီမောပြောင်လှောင်နေခဲ့ကြ၏ ။
( ဗမာပြည်မှ လွတ်နေသော ငရဲခွေးများ )
၂၀၀၇ ခုနှစ် စက်တင်ဘာလထဲတွင် ဓါတ်ဆီဈေးတဟုန်ထိုးတက်သည်ကိုအကြောင်းပြု၍ဆင်းရဲ ကြပ်တည်းလွန်းသည့် မြန်မာပြည်သူ ရဟန်းရှင်လူတို့ လမ်းမပေါ်တက်လာခဲ့ကြ၏ ။ ကုန်ဈေးနှုန်း ကျဆင်းရေး၊ စားဝတ်နေရေး ၊ အခြေခံလူ့ အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကိုတောင်းဆိုခဲ့ကြ၏ ။ ဥပဒေမဲ့ဖိနှိပ်အုပ်ချုပ်လေ့ရှိသည့် မြန်မာစစ်အာဏာရှင်တို့ က လူပေါင်းများစွာကိုသတ်ဖြတ်ဖမ်းဆီး နှိမ်နှင်းခဲ့၏ ။ ဘုန်းတော်ကြီးကျောင်းများကို ညအချိန်တွင် ၀င်ရောက်စီးနင်း၍ ရဟန်းသံဃာတော်များ ကို ရိုက်ပုတ်ဖမ်းဆီးထောင်ချခဲ့၏ ။ ရန်ကုန်မြို့၏ လမ်းမများပေါ် နေ့ ရောညပါ စစ်သားများကင်းလှည့် နေသောကြောင့် ပြည်သူတို့ လမ်းမပေါ်ထွက်ခွင့်မရခိုက်ဖြစ်၏ ။
ထိုအချိန်တွင် မြန်မာပြည်သူတချို့၏ တနိုင်အာဏာဖီဆန်ရေးကားပြောင်မြောက်လှ၏ ။ စစ်အာဏာရှင် ဗိုလ်သန်းရွှေနှင့်ထိပ်ပိုင်းခေါင်းဆောင်များ၏ ဓါတ်ပုံများလည်မှာဆွဲထားသော ခွေးလေခွေးလွင့်များလမ်းမပေါ်လျှောက်သွားနေသည်ကို အံသြစွာမြင်ကြရ၏ ။ စစ်အာဏာရှင်အစိုးရ မည်သို့ မျှမတုံ့ ပြန်နိုင်ခဲ့ ။ ထိုခွေးများကို ပုဒ်မ ၅(ည) ပုဒ်မ ၁၈၈ တို့ ဖြင့်ဖမ်းဆီးထောင်ချ၍ မဖြစ်နိုင်ခဲ့ ။ မြန်မာပြည်မှ လွတ်မြောက်နေသော ငရဲခွေးများပါပေ ။
( ဗမာပြည်မှ ဒီမိုကရေစီ ငွေစက္ကူ )
မြန်မာနိုင်ငံတွင် ထင်ရှားသော တနိုင်အာဏာဖီဆန်မှု့ မြောက်များစွာရှိသည့်အနက် ထူးခြားပြောင် မြောက်သော မတရားမှု့ကိုဖီဆန်သည့် တနိုင်ဆန့် ကျင်မှု့ကိုပြသခဲ့သူတဦးမှာ တကျပ်တန်ငွေစက္ကူ ကို ဒီဇိုင်းထုတ်ခဲ့သူဖြစ်၏ ။ တိုင်းပြည်ကို အနိုင်ကျင့်ဗိုလ်ကျနေသည့် စစ်အာဏာရှင်ကို စက်ဆုပ် မုန်းတီးမှု့နှင့်အတူ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ကြည်ညိုမြတ်နိုးမှု့ကို ငွေစက္ကူ ရေစာထဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ပုံကို ဒေါ်အောင်ဆန်းစုကြည်ပုံနှင့်တူအောင်ဆွဲပေးလိုက်ခြင်း ဖြင့်ပြသခဲ့၏ ။ထို့ အပြင်ရှစ်ဂဏန်းလေးလုံး ( ၈၈၈၈) ကိုလည်း ငွေစက္ကူ၏ ပန်းခက်ဒီဇိုင်းကြားတွင် ထည့်ဆွဲထားလိုက်သေး၏ ။ မြန်မာစစ်အစိုးရသည် ဖြန့် ဝေပြီးသားအဆိုပါငွေစက္ကူများကို လိုက်လံ သိမ်းဆီးခြင်း ၊ ဖျက်သိမ်းခြင်းပြုလုပ်ခဲ့၏ ။ သို့ သော်အကုန်ပြန်မရခဲ့ပေ ။ မြန်မာပြည်သူတို့ က ထိုတကျပ်တန်ငွေစက္ကူကို ဒီမိုကရေစီငွေစက္ကူဟုခေါ်ဝေါ်လျှက် သိမ်းဆည်းထားလိုက်ကြတော့၏ ။
( နှမ်းတလုံး သဲတပွင့် မိုးတပေါက်ရဲ့တန်ဘိုး )
အထက်ပါသာဓကများကား ဆင်းရဲချမ်းသာမရွေး ၊ တောင်ပေါ်မြေပြန့် မကျန် ၊ သာမာန်ပြည်သူ ပြည်သားတိုင်း မိမိအခြေအနေပေးသလောက် ထုတ်ဖေါ်ပြသနိုင်သော “ တနိုင်အာဏာဖီဆန်မှု့ ” များဖြစ်ကြ၏ ။ နှမ်းလုံးများစွာစုလျှင် ဆီဖြစ်နိုင်သကဲ့သို့  သဲပွင့်များစွာစုလျှင်ဧရာမအဆောက်ဦးကြီး များတည်နိုင်ပါ၏ ။ မိုးစက်များစွာပေါင်းစုခြင်းအားဖြင့် မာကျောသော ကျောက်ဆိုင်ကြီးကိုလည်းတိုက် စားဖြိုဖျက်နိုင်ပါ၏ ။
၎င်းစာအုပ်ထဲတွင်မပါဝင်ခဲ့သော ပြောင်မြောက်ရဲရင့်သည့် တနိုင်အာဏာဖီဆန်ရေး သာဓကမြောက် များစွာ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ပြီးပါပြီ ။ အာဏာပိုင်တို့ ကိုပြန်တရားစွဲရဲသော မစုစုနွေး၊ ကုန်ဈေး နှုန်းကျဆင်းရေးအတွက်တကိုယ်တော်ဆန္ဒပြသူ ၊ အစိုးရကိုအယုံကြည်မရှိကြောင်းပြောရဲသူ ကိုထင်ကျော် အဖိနှိပ်ခံပြည်သူဘက်ကရှေ့နေ ဦးရောဘတ်ဆန်းမောင်၊ ကိုဖိုးဖြူ ၊ အနှောက်အရှက်များကြား အေအိုင်ဒီအက်စ် ဝေဒနာသည်များကိုစောင့်ရှောက်ရဲသူ မဖြူဖြူသင်း ၊ နွမ်းပါးသူတို့ ရဲ့ နာရေးအကျိုးတော်ဆောင် ဦးကျော်သူ ၊ တကိုယ်တော်ဆန္ဒထုတ်ဖေါ်ရဲသူများ အစရှိသည့် အထောင်အသောင်းသော အာဇာနည်ပြည်သူတို့ ၏ တနိုင်အာဏာဖီဆန်မှု့ တည်းဟူသော မိုးချိုရေအစက်အပေါက်ပေါင်းများစွာ၏ တိုက်စားဖြိုဖျက်မှု့အားကြောင့် စစ်အာဏာရှင် ကျောက်ဆောင်ကြီးကား တနေ့ တခြားယိမ်းယိုင်ချိနဲ့ လါပေပြီ ။
မြန်မာနိုင်ငံတွင် ဒုတိယလွတ်လပ်ရေးတိုက်ပွဲတရပ်အဖြစ် အာဏာရှင်စနစ် ဖျက်သိမ်းဖယ်ရှားနိုင်ရေး အတွက် ယ္ခုအခါ အောက်ဖေါ်ပြပါ လှုပ်ရှားမှု့များကို အရှိန်အဟုန်မြှင့်တင်လုပ်ဆောင်ရန်လွန်စွာ လိုအပ်လျှက်နေပေသည်။
(၁) ပြည်တွင်းစစ်ရပ်စဲရေးနှင့် စစ်မှန်သောငြိမ်းချမ်းရေးကိုဖေါ်ဆောင်ရန် ။
(၂) ပုဒ်မ (၄၃၆) အပါအ၀င် ဒီမိုကရေစီစံနှုန်းနှင့်မညီသော (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြည်သူလူထုဆန္ဒနဲ့ အညီပြင်ဆင်ရန် ။
(၃) လက်ကျန်နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်စေရန် ။
(၄) လွတ်လပ်၍တရားမျှတသော (၂၀၁၅) ရွေးကောက်ပွဲကြီးမနှောင့်နှေးဘဲ ဖြစ်မြောက်စေရန် ။
(၅) ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးမှ ပြည်သူအစိုးရတရပ်ပေါ်ထွက်လာစေရေးအတွက် မိမိအသြဲကားမှ မဲတပြားကို ပြည်သူကိုအမှန်တကယ်စောင့်ရှောက်မည့်ပါတီများကိုသာမဲပေးရန်။
(၆) ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းနှင့် လက်ပတောင်းတောင်စီမံကိန်းအစရှိသော တိုင်းပြည်ကိုအကျိုးမဲ့စေပြီး အန္တရာယ်ပေးနိုင်သော စီမံကိန်းမှန်သမျှ အကြွင်းမဲ့ဖျက်သိန်းပစ်ရန် ။
(၇) တနိုင်ငံလုံးတွင် ကျယ်ပြန့် စွာဖြစ်ပွားနေသော အဂတိတရားလိုက်စားမှု့နှင့် တရားဥပဒေ မစိုးမိုးမှု့တိုက်ဖျက်ပြုပြင်ရန် ။
(၈) လူမျိုးရေး ၊ ဘာသာရေးမုန်းတီးမှု့များဖန်တီး၍ တိုင်းရင်းသားလုပ်သားပြည်သူများကြား ညီညွတ်မှု့ပြိုကွဲအောင်လုပဆောင်နေမှု့များအားတားဆီးရန် ။
(၉) မိဘပြည်သူကျောင်းသားရဟန်းရှင်လူတို့ အလိုမတူဘဲပြဌာန်းထားသည့် ဥပဒေမှန်သမျှ ဖျက်သိမ်းပစ်ရန် ။
တိုင်းရင်းသားရဟန်းရှင်လူ မိဘပြည်သူပြည်သားတိုင်း ခေါင်းရွက်ဗျတ်ထိုးလက်လုပ်လက်စားမှသည် လယ်သမား၊ အလုပ်သမား၊ ကျောင်းသား၊ ဘုရားသား၊ စစ်သား၊ ရဲသား၊ အိမ်ထောင်ရှင်မများအထိ မိမိနိုင်ရာ ကိုယ်စီတာဝန်ထမ်းလျှက် အထက်ဖေါ်ပြပါ လှုပ်ရှားမှု့ကြီးများကို အထောက်အပံ့ဖြစ်စေ မည့်နည်းလမ်းမျိုးစုံသုံး၍ တနိုင်အာဏာဖီဆန်ရေး (၀ါ) မိုးချိုရေတပေါက်သောက်သုံးခြင်းသည် မြန်မာနိုင်ငံသားတိုင်း၏ မွေးရာပါသမိုင်း ပေးတာဝန် တရပ်ဖြစ်ကြောင်းဆော်သြောရင်း ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ပါ၏ ။
လေးစားစွာဖြင့်
မင်းကောင်းချစ်
သြဂုတ်လ (ရ) ရက် ၂၀၁၁ ခုနှစ်
Posted by Htut Htut

%2B%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%81%E1%80%BA%E1%80%AD%E1%80%B3%E1%80%B1%E1%80%9B%E1%80%90%E1%80%B1%E1%80%95%E1%80%AB%E1%80%80%E1%80%B9%2B.jpg)
0 comments:
Post a Comment