Breaking News
Loading...
Wednesday, October 16, 2013

Info Post
http://chanmyae.blogspot.com

မွန်ပြည်နယ်အလင်းက ကျိုက်မရောဆုတောင်းပြည့်ဘုရားနဲ့ပတ်သက်ပြီး မိတ်ဆွေများကို တင်ဆက်ပေးလိုက်တဲ့အပေါ်

အကောင့်ပိုင်ရှင် Eric Minn က ပိုမိုပြည့်စုံအောင် ပြန်လည်ဖြည့်စွက်ဆွေးနွေးထားတာကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

အကောင့်ပိုင်ရှင် Eric Minn ကိုလည်း မွန်ပြည်နယ်အလင်းအနေနဲ့ အထူးကျေးဇူးတင်ရှိပါကြောင်းနဲ့ နောင်တွင်လည်း ၀ိုင်းဝန်းကူညီပေးစေလိုကြောင်း မေတ္တာရပ်ခံလိုပါတယ်။

ကျိုက်မရောဆုတောင်းပြည့် မြတ်စွာဘုရားနှင့်ပတ်သက်၍ အကောင့်ပိုင်ရှင် Eric Minn ၏ ရှင်းလင်းတင်ပြချက် (မူရင်းအတိုင်း တင်ဆက်အပ်ပါတယ်)

မွန်ပြည်နယ်၏ မြို့တော် မော်လမြိုင်မြို့၏ အရှေ့တောင်ဘက် ၁၅ မိုင်အကွာ၊ ဧရိယာစတုရန်းမိုင် ၅၁၆.ဝ၄ မိုင်ကျယ်ဝန်းပြီး တောင်မှ မြောက်သို့ စီးဆင်းနေသော အထ္ထရံမြစ် ကမ်းနဖူးပေါ်၌ ကျိုက်မရောမြို့ တည်ရှိပါသည်။
ကျိုက်မရောမြို့ဟူသည့် အဓိပ္ပာယ်မှာ မွန်ဘာသာအားဖြင့် ကျိုက်ဗရော့ရ် ဟူ၍ခေါ်တွင်ပြီး မြန်မာဘာသာအားဖြင့် ထင်ပေါ်ကျော်ကြားသည့် ဘုရားရှိသော မြို့ဟူ၍ အမည်တွင်လေသည်။
မော်လမြိုင်မြို့မှ ကျိုက်မရောမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းတစ်လျှောက် လမ်းဘေး ဝဲ၊ယာတွင် ထန်းပင်တန်းများဖြင့် သာယာလှ့ပ စွာတည်ရှိနေသောကြောင့် 'ထန်းပင် ထန်းလက် ထန်းရွက်စုံညီ၊ ကျိုက်မရောမြို့က သာယာလှပေသည်။ ကျိုက်မရောမြို့တွင်ထင်ရှား၊ ဗုဒ္ဓရုပ်ပွား၊ ဘုရားစေတီ၊ ရှေးဘုရင်များ တည်ထားကိုးကွယ် တန်ခိုးကြွယ်လှသည်'ဟူ၍ တေးသံရှင်ထားက တေးသီဆိုဖွဲ့နွဲ့ ထားခဲ့ဖူးသည်။
ကျိုက်မရောမြို့မှ မုဒုံ၊ မော်လမြိုင်၊ ကြာအင်းဆိပ်ကြီး၊ ဘားအံ စသည့် မြို့များသို့ ကုန်းလမ်း၊ ရေလမ်းခရီးများဖြင့် ဆက်သွယ်သွားလာနိုင်ပြီး မြန်မာပြည်တွင်း စီးဆင်းနေသော မြစ်များမှာ အများအားဖြင့် မြောက်မှ တောင်သို့ စီးဆင်းကြသော်လည်း အထ္ထရံမြစ်မှာကား တောင်မှမြောက်သို့ ထူးခြားစွာ စီးဆင်းသော မြစ်တစ်စင်းဖြစ်ပြီး ရေစီးညင်သာသောကြောင့် ပတ်ဝန်းကျင် ဒေသများသို့ ရေလမ်းခရီးဖြင့် ခရီးသည် ပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုကို များစွာအထောက်အကူ ပြုလျက်ရှိသည်။
ပူအိုက်စွတ်စိုသည့် ရာသီဥတု ရှိခြင်း၊ နှစ်စဉ်မိုးရေချိန် ၁၈၅ လက်မရွာသွန်းသဖြင့် ရေထိန်းရန် ဆည်မြောင်းများ တည်ဆောက်ဖို့မလိုခြင်း။ အရှေ့ဘက် ဒေါနတောင်တန်းများမှ ရေများစီးဆင်းခြင်းတို့ကြောင့် နှစ်စဉ်လိုပင် ရေကြီးသည့်ဒဏ် ခံစားကြရပြီး ကျိုက်မရောဒေသထွက် ကြက်မောက်သီးနှင့် ကျွဲကောသီးများ မြန်မာပြည်တစ်လွှား လူကြိုက်များ၍ ထင်ပေါ်ကျော်ကြားလေသည်။
အချို့က ကျိုက်မရောဘုရား ကြီးအား မွန်ဘုရင်မရှင်စောပု တည် ထားကိုးကွယ်ခဲ့သည်ဟူ၍ ထင်မှတ် မှားနေကြသည်။ မွန်ဘုရင်မ ရှင်စောပုသည် မွန်ရာဇဝင်တွင် ထင်ရှားသော ရာဇာဓိရာဇ်ဘုရင်မင်းမြတ်၏ သမီးတော်ဖြစ်သည်။ မွေးဖွားစဉ်က ထူးခြားလှပသော ဆံပင်ဖြူ တစ်ပင်ပါရှိခဲ့ပြီး ထိုဆံပင်ဖြူကို အစွဲပြု၍ မိစဗု (မိဆံပင်ဖြူ) မွန်အမည်မှ ရှင်စောပု ဖြစ်လာခဲ့သည်။ ကျိုက်မရောမြို့ ဘုရားကြီးအား ဘုရင်မကြီး ရှင်စောပု ကောဇာသက္ကရာဇ် ၈၁၇တွင် ပြုပြင် မွမ်းမံ၍ သာသနာဝင် ကျောက်စာ ရေးထိုးခဲ့ခြင်းသာဖြစ်ပြီး ကျိုက်မရော ဘုရားကြီးအား မည်သည့်ခုနှစ်တွင် ဘုရားဒကာမည်သူက စတင်တည်ထား ကိုးကွယ်ခဲ့သည်ဟူ၍ သမိုင်း အထောက်အထား ခိုင်ခိုင်လုံလုံ မရှိသေးဘဲ ပါးစပ်ရာဇဝင်အဖြစ်နှင့်သာ တည်ရှိခဲ့သည်။
မြတ်စွာဘုရားသည် ပါရမီဖြည့်ဖက် ယသော်ဓရာဒေဝီအား မိန်းမတို့ သဘာဝအတိုင်း ခြေဖမိုးပေါ်တွင် စိတ်ရှိလက်ရှိ အားရပါးရ ငိုကြွေးနိုင်စေရန်နှင့် ကျွတ်တန်းဝင် အကျွတ်တရား ရရှိစေရန်အတွက် ရည်ရွယ်၍ လက်နှစ်ဘက်ထောက်ပြီး ခြေတွဲလျားချ ထိုင်ပေးတော်မူသည်ဟူသော ဖြစ်စဉ်ကို အကြောင်းပြု၍ ဤပုံတော်ကို ပုံတူထုဆစ်၍ ကိုးကွယ်ခဲ့ကြသည်ဟု ယူဆရပြီး မူလပုံတော်တွင် ယသော်ဓရာဒေဝီ၏ ဆံပင်များဟု ယူဆရသော အမည်းရောင် ဆံထုံးများ ကျိုက်မရော ဘုရားကြီး၏ ခြေဖမိုးပေါ်တွင် ရှိခဲ့ဖူးပြီး ၄င်းအမည်းရောင် ဆံထုံးများမှာ ဘုရားကြီး၏ သပ္ပာယ်မှုကို ထိခိုက်စေခြင်း၊ အမျိုးသမီး၏ ဆံထုံးဖြစ်သဖြင့် ရှိခိုးပူဇော်ရာတွင် အနှောင့်အယှက် ဖြစ်စေခြင်း၊ ဗုဒ္ဓရုပ်ပွားတော်တွင် အမြင်မတော်ခြင်းတို့ကြောင့် ဖယ်ရှားပစ်ခဲ့သည်ဟု သိရသည်။
ကျိုက်မရောဘုရားကြီး၏ မုဒြာတော်သည် ကမ္ဘာပေါ်တွင် ရှားပါး လှသော ပုံဟန်တော်ဖြစ်ပြီး ဗုဒ္ဓဘုရားအဖြစ်ကို အောင်မြင်တော်မူပြီး မင်းသားဘဝ မိမိစံရာ နန်းတော်သို့ ကြွချီတော်မူစဉ် နန်းတော်တွင် ခြေတွဲလျားချ လက်ဘေးထောက် ခေတ္တ ထိုင်တော်မူပြီး သားတော် ရာဟုလာကို အမွေပေးစဉ် ပုံတော်ဟန်ကို ထုလုပ်ထားကြောင်း သိရသည်။

ဆင်းတုတော် ဘေးနှစ်ဘက်တွင် လက်ယာရံ ရှင်သာရိပုတ္တရာ နှင့်လက်ဝဲရံ ရှင်မောဂ္ဂလန်ရှိကြပြီး နောက်နားတွင် ညီတော် အာနန္ဒာခစားနေသည့် ပုံတော်ဟန်ရှိသည်။ ရှင်စောပု ဘုရင်မပြုပြင်စဉ်က ဘုရား၏ တန်ဆောင်းတော်ကို အနန်းသားတိုင်ဖြင့် ပြုလုပ်ထားပြီး တည်ထားစဉ်က သစ်သားရုပ်တုတော်ဖြင့် တည်ထားခဲ့သည်။ မျက်နှာတော်သည် အရှေ့အရပ်သို့ သပ္ပာယ်စွာ ဖူးမြော်ချင်စဖွယ် လှည့်တော်မူနေသည်
ဘုရားကြီး၏ ပထမမုခ်ဝတွင် လက်ယာဘက်၌ သိကြားမင်းရုပ်တု၊ လက်ဝဲဘက်၌ ဗြဟ္မာမင်းရုပ်တု ပြုလုပ်ထားသည်။ ဒုတိယ မုခ်ဝတွင် လက်ယာဘက်၌ ဆင်ဖြူတော်ပေါ်တွင် ခြင်္သေ့စီးပြီး ခြင်္သေ့ပေါ်တွင် ဘီလူးစီးထားသည်။ ဘုရားကြီး၏ တံကဲကို ဝိဓူရဇာတ်တော်ဖြင့် ရုပ်လုံး ဖော်ထားသည်။ ဘုရားကြီး၏ ဥာဏ် တော်အမြင့်မှာ ၂၄ ပေရှိသည်။
ထိုင်တော်မူမှ ဦးခေါင်းတော် အထိ ၁၆ ပေရှိပြီး ဒူးခေါင်းတော်မှ ခါးတော်အထိ ခြောက်ပေရှိသည်။ ခြေဖဝါးတော်မှ ဒူးခေါင်းတော်အထိ ရှစ်ပေရှိပြီး ဘုရားကြီး၏ ခါးလုံးပတ် တော်မှာ ရှစ်ပေရှိသည်။ ဘုရားကြီး၏ အရံပတ်လည်တွင် ဘုရားအဆူ ၅ဝ တိတိရှိပြီး အလယ်ပစ္စယံဘုရားအဆူ ပေါင်းမှာ ၄၃ ဆူရှိသည်။ ဂန္ဓကုဋီ တိုက်တော်အတွင်း ဘုရားကြီး အပါ အဝင် ရုပ်ပွားတော်မြတ် ၉၄ ဆူ ရှိသည်။ ဂန္ဓကုဋီတိုက်ကြီးမှာ အလျား ပေ ၁၂ဝ၊ အနံ ၆၆ ပေ၊ အမြင့် ၇၅ ပေ ရှိသည်။ ပြာဿဒ်ဘုံ ငါးဆင့်ရှိပြီး ဘုံအဆင့်အထက်တွင် အချင်း လေးပေရှိ ထီးတော်ကို တင်လှူ ပူဇော်ထားကြောင်း သိရသည်။
ကျိုက်မရောဘုရားကြီး၏ ထူးခြားချက်များမှာ-
၁။ ။ ထူးခြားသည့် မုဒြာပုံတော်ရှိခြင်း
၂။ ။ အင်္ဂလိပ်နှင့်ဂျပန်ခေတ်တို့တွင် ဘုရားကြီး၏ ပတ်ဝန်းကျင်တွင် ဗုံး များကြဲချသော်လည်း ကျရောက် ပေါက်ကွဲခြင်း အလျဉ်းမရှိ။
၃။ ။ ကျိုက်မရော တစ်မြို့လုံးရေကြီး နစ်မြုပ်သော်လည်းဘုရားကြီး၏ အာရုံခံ တန်ဆောင်းအထိ ရေရောက်ရှိ နစ်မြုပ်ခြင်း အလျဉ်းမရှိခြင်း။
၎။ ။ လေပြင်းမုန်တိုင်း တိုက်ခတ်သော်လည်း ဘုံပြာဿဒ် အဆင့်ဆင့်သည် ယိမ်းယိုင်တိမ်းစောင်းခြင်းမရှိ။
၅။ ။ မိုးသည်းထန်စွာ မည်မျှပင် ရွာသွန်းသော်လည်း မိုးတိတ်သည်နှင့် ဆုတောင်းပြည့် ဘုရားကြီးဝင်းအတွင်း ရေတစ်စက်မျှပင် ကျန်ရစ်မနေခြင်း
၆။ ။ ပစ္စည်းပျောက်ခြင်း၊ အိမ်ခြံ မြေပြဿနာ၊ လူမှုရေးကိစ္စပြဿနာ၊ အငြင်းပွားမှုဖြစ်ခြင်းများကို ဘုရားကြီး သို့ လာရောက်သစ္စာဆိုပြီး အမှန်တရားကို ဖော်ထုတ်တတ်ကြသည်။ မမှန်မကန် သစ္စာဆိုမိပါက ဇောချွေး ပျံခြင်း၊ မူးဝေခြင်း၊ နေမထိထိုင်မသာ ဖြစ်ခြင်းဖြင့် ထိုင်ရာမထ ချက်ချင်း နိမိတ်ပြတတ်ခြင်း၊ သစ္စာဆိုမှားသူများ ရေရှည်တွင် ကာယကံရှင်နှင့် ဆွေစဉ်မျိုးဆက် တဖြည်းဖြည်း ပျက်စီးကာ ပစ္စည်းဥစ္စာ ဆုံးရှုံးခြင်း၊ ဆင်းရဲ ဒုက္ခတွေ့ကြုံရတတ်ခြင်း။
၇။ ။ ဘုရင်မ ရှင်စောပုသည် သာသနာပြု၍ တိုင်းပြည် ပြန်လည်တည် တောင်မှုဆောင်ရွက်ရန် ဆုတောင်းရာတွင် ပြီးပြည့်စုံခြင်း။
၈။ ။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စအဝဝများအတွက် ကောင်းသော လိုအင်ဆန္ဒများ ဆုတောင်းမှု ပြုကြရာတွင် ဆုတောင်းပြည့်ခြင်း။
၉။ ။ ဘုရားကြီး၏ မျက်လုံးတော်မှာ မဟူရာကျောက်ဖြစ်ပြီး ဦးခေါင်းတော် မှာ ရုရှားစိန်ဖြစ်သည်။ ရုရှားစိန်ကြီး အား ဝန်းရံထားသော ကျောက်များမှာ စိန်အစစ်ဖြစ်သည်။ ဥဏ္ဏလုံတော် မှာ ပတ္တမြားအစစ်ဖြစ်ပြီး ပတ္တမြား ကို စိန်အစစ်ဖြင့် ရံထားသည်။ နဖူး သင်းကျစ်တော်ကို ရွဲလုံးများဖြင့် လှပသပ္ပာယ်စွာ ခြယ်မှုန်းပူဇော်ထားသည်။
၁ဝ။ ။ ကျိုက်မရောမြို့ ဆုတောင်း ပြည့်ဘုရားကြီးတည်ရှိသော ကုန်းတော်မြေသည် မိစ္ဆာဒိဌိအယူဝါဒရှိသူ များနှင့် ကင်းဝေးပြီး ကောင်းမွန်မြင့် မြတ်သည့် ဆုတောင်းပြည့် အောင်မြေရှိရာ နေရာဒေသ ဖြစ်ခြင်းတို့သည် ကျိုက်မရောဘုရားကြီး၏ ထူးခြားချက်များပင် ဖြစ်သည်။
ဘုရားပွဲတော်ကို နှစ်စဉ် သင်္ကြန်ရက်အတွင်း သင်္ကြန်အကျနေ့မှ အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပလေ့ရှိပြီး မွန်တို့ဌာနေ ရာမညဒေသသို့ အလည်အပတ် ရောက်ရှိစဉ် ပတ်ဝန်းကျင်အလှအပများကို ကြည့်ရှုငေးမောရင်း အရသာပြည့်ဝသည့် ဒေသထွက် ကျွဲကောသီးနှင့် ကြက်မောက်သီးများကို စားသုံးကာ မုဒြာပုံသဏ္ဌာန် ထူးခြားပြီး ဆုတောင်းပြည့်ဝသည့် ကျိုက်မရော ဆုတောင်းပြည့် ဘုရားကြီးကို ကြွရောက်ဖူးမြော်နိုင်ရန် ရေးသားဖိတ်ခေါ်လိုက်ရပါသည်။

ကျမ်းကိုး ။ ။ ကျိုက်မရောမြို့ ထင်ပေါ်ကျော်ကြား ဆုတောင်းပြည့် မြတ်စွာဘုရားကြီးသမိုင်း။

ရာမည ဖိုးလပြည့်

0 comments: